SEA Games News

အာရှယူ-၂၃ ခြေစစ်ပွဲနှင့်ဆီးဂိမ်းအတွက် ပြင်ဆင်

Jan 07 , 2015

အာရှယူ-၂၃ ခြေစစ်ပွဲကို မတ်လအတွင်း၌ လည်းကောင်း၊ (၂၈) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ဇွန်လအတွင်း၌လည်းကောင်း၊ ကျင်းပမည်ဖြစ်ရာ မြန်မာယူ-၂၃ အသင်းအနေဖြင့် ဇန်န၀ါရီ ဒုတိယပတ်မှစ၍ လေ့ကျင့်မှုများ စတင်ပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာယူ-၂၃ အသင်းကို ဆာဘီးယားလူမျိုး အေဗရာမိုဗစ်ကပင် ကိုင်တွယ်သွားမည်ဖြစ်ပြီး ဆူဇူကီးဖလားပြိုင်ပွဲဝင် လက်ရွေးစင်အသင်းမှ အသက်မီသည့် ကစားသမားများနှင့် ၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်းက ဖွဲ့စည်းခဲ့သည့် ယူ-၂၃ ညွန့်ပေါင်းအသင်းမှ ကစားသမားများ ပါဝင်ဖွယ်ရှိနေသည်။

ပြည်တွင်းလိဂ်ပြိုင်ပွဲဖြစ်သည့် MNL အမှတ်ပေးပြိုင်ပွဲကို ဇန်န၀ါရီ ၁၀ ရက်တွင် စတင်မည်ဖြစ်သောကြောင့် မြန်မာယူ-၂၃ အသင်းမှာ တစ်ပတ်လျှင် နှစ်ရက်နှုန်းဖြင့် သာ လေ့ကျင့်မှုများပြုလုပ်သွားမည် ဖြစ်သည်။

မြန်မာယူ-၂၃ အသင်းသည် ဇန်န၀ါရီ ၁၃ ရက်နေ့မှစ၍ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနေ့များတွင် လေ့ကျင့်သွားမည်ဖြစ်ပြီး ပမာဏလူစာရင်းကိုလည်း ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သွားမည်ဖြစ်သည်။

အာရှယူ-၂၃ ခြေစစ်ပွဲတွင် မြန်မာအသင်းမှာ သြစတြေးလျ၊ အိမ်ရှင်တရုတ်(တိုင်ပေ)၊ ဟောင်ကောင်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး ခြေစစ်ပွဲမတိုင်မီ ဂျပန် ယူ-၂၃ အသင်း၊ တရုတ် ယူ-၂၃ အသင်းတို့နှင့် ခြေစမ်း ကစားရန် စီစဉ်ထားကြောင်း သိရသည်။ (သတင်း MFF)

U Myo Thant




<< Back SEA Games News


Advertisement
Here