Article

ရုန်း၍ ကန်၍ ရင်ဆိုင်၍ (စီရိုနယ်ဒို)

Jan 13 , 2015

၂၀၁၄ ဖီဖာကမ္ဘာ့ဖလား အကောင်းဆုံးဘောလုံးသမားဆုကို စီရိုနယ်ဒိုက တတိယအကြိမ်မြောက်အဖြစ် ရရှိသွားခဲ့ပါပြီ။

ကစားသမားဘ၀ လစာ၊ စပွန်ဆာက ၀င်ငွေတွေနဲ့ ချမ်းသာလှတဲ့ လူသားတစ်ဦး ဖြစ်လာခဲ့တဲ့ စီရိုနယ်ဒိုအတွက် နာမည်ကျော်ဘ၀မှာ လိုချင်တာမှန်သမျှ ရနိုင်တဲ့ဘ၀ လို့တောင် ဆိုနိုင်ခဲ့ပြီပေါ့။ ဒါပေမယ့် ဒါတွေကိုရဖို့အတွက် သူကြိုးစားပေးဆပ်ခဲ့ရတာတွေကလည်း မနည်းလှပါဘူး။ တကယ်တမ်း ပြောရရင် သူရဲ့ငယ်ဘ၀ဟာ ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ ဆန်တို အန်တိုနီယိုလို့ ခေါ်တဲ့မြို့မှာ သူနေထိုင်ကြီးပြင်းခဲ့ရပါတယ်။ သူရဲ့ အမေက ထမင်းချက်တစ်ယောက်ဖြစ်ပြီး အဖေက မြူနီစပယ် ပန်းခြံလုပ်သားတစ်ဦးပါ။ အရက်စွဲနေတဲ့ အရက်သမားတစ်ဦးဖြစ်ခဲ့ပြီး မပြည့်စုံတဲ့ မိသားစုဘ၀မှာ ဘောလုံးကို ရူးသွပ်လွန်းသူက စီရိုနယ်ဒိုလေး ပါပဲ။

မူလတန်းကျောင်းမှာ စီရိုနယ်ဒိုရဲ့ ဘောလုံးနည်းပြဖြစ်ခဲ့တဲ့ အဖွန်ဆိုက သူ(စီရိုနယ်ဒို)ဟာ စကတည်းက ထူးချွန်မယ့်သူဆိုတာ သိသာစေခဲ့ပါတယ်။ သူက ခန္ဓာကိုယ်သေးတယ်။ ဒါပေမယ့် မာတယ်။ သူ စကစားတာ နောက်တန်းမှာပါ။ နောက်တော့ တိုက်စစ်မှူး ပြောင်းကစားတယ်။ ဘယ်နေရာမှာမဆို ကစားချင်တဲ့ ဖိုးတက်ကြွလေးပေါ့။ သူဟာ နည်းစနစ်တကျနဲ့ ထူးထူးခြားခြားကို တိုးတက်လာခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ တစ်ချိန်လုံး လေ့ကျင့်နေတာကိုး ၊ သူ့အတွက် ဘောလုံး ကလွဲလို့ ဘာမှအရေးမကြီးသလိုပါပဲ။

သူ မကစားရရင် စိတ်ပျက်လက်ပျက်ဖြစ်သွားတဲ့ပုံကို မြင်ယောင်ပါသေးတယ်လို့ ပြောခဲ့ပါတယ်။ ငယ်ငယ်က သူငယ်ချင်းဖြစ်ခဲ့တဲ့ အဲလ်ဗက်စ်ကလည်း သူဟာ ဘောလုံး ကို တစ်ချိန်လုံး ကစားချင်နေတဲ့သူပါ။ ကျနော်တို့က တစ်ခြားကစားနည်း ပြောင်းကစားရအောင်လို့ပြောရင် သူက ငြင်းတယ်။ ဘောလုံးမှ ဘောလုံးပါပဲလို့ ပြောပါတယ်။ အသက် ၁၂ နှစ်မှာ စီရိုနယ်ဒိုကို ဇာတိကျွန်းကြီးပေါ်က နေရှင်နယ်ကလပ်ကနေ ခေါ်ယူခဲ့ပါတော့တယ်။ အဲဒီအသင်းဟာ ဒီဒေသတစ်ခွင်မှာ အကြီးဆုံးကလပ်တစ်ခုပါ။

ဒီနောက်မှာတော့ သူဟာ ပေါ်တူဂီ ထိပ်တန်းကလပ်ကြီးဖြစ်တဲ့ စပို့တင်းလစ္စဘွန်းရဲ့ မျက်စိကျခြင်းကို ခံခဲ့ရပါတော့တယ်။ စီရိုနယ်ဒိုရဲ့အမေဟာ ပေါ်တူဂီဘောလုံး သမားကြီး ဖီဂိုကို အားပေးသူဖြစ်ပြီး သူ့သားဟာ ဖီဂိုကစားခဲ့တဲ့ စပို့တင်း လစ္စဘွန်းကို ရောက်တော့မယ်ဆိုတာ သိရတဲ့အခါ မျက်ရည်ကျတဲ့အထိ ပီတိဖြစ်ခဲ့ရသူပါ။ ၁၂ နှစ်သားလေးအတွက် ဇာတိမြေနဲ့ခွဲရတဲ့အခါ အိမ်လွမ်းတာက အခက်ခဲဆုံး ဝေဒနာပါပဲ။ ဒါပေမယ့် သူဟာ လွမ်းနေတာကို ဘောလုံးထဲ အာရုံနှစ် ထားရင်း ဖြေဖျောက်ခဲ့ရပါတယ်။ သူရဲ့ငယ်သူငယ်ချင်းဖြစ်ခဲ့တဲ့ ရူအီက သူအဲဒီလိုအောင်မြင်သွားမယ်လို့ ကျနော်တို့ အများစုက မထင်ခဲ့ကြပါဘူး။

သူ.....ဒီကို ပြန်မလာပါဘူး....ဘာကြောင့်လဲဆိုတော့ ဟိုတစ်ချိန်က သူ့သူငယ်ချင်းတွေက အများစုဟာ အလုပ်ကောင်းကောင်း မလုပ်ကြပါဘူး။ သူ့ကိုတွေ့ရင် ပိုက်ဆံတောင်းဖို့ပဲ စိတ်ကူးနေတတ်ကြလို့ပါ။ ဒီတော့ သူဟာ အဝေးမှာပဲ နေတော့တာပေါ့။ သူဇာတိကိုတော့ လွမ်းမှာပါလို့ ပြောခဲ့ပါတယ်။ ကြမ်းတမ်းခက်ခဲတဲ့ အချိန်တွေကို ကျော်ဖြတ်ခဲ့ရတဲ့ စီရိုနယ်ဒိုရဲ့ ငယ်ဘ၀ဟာ မလွယ်လှခဲ့ပါဘူး။ ဒါပေမယ့်လည်း လိုချင်တာအတွက်ပေးဆပ်နိုင်သမျှ ပေးဆပ်ရင်း ရုန်းကန်ခဲ့ရသူ တစ်ယောက်အတွက် ထိုက်တန်တဲ့ ရလဒ်တွေကတော့ ရှိရမှာပါပဲ မဟုတ်လား...။

စပို့တင်း လစ္စဘွန်းကနေ မန်ယူကိုရောက်လာပြီးနောက်မှာ သူဟာ အောင်မြင်ကျော်ကြားလာခဲ့ပြီး မန်ယူကစားသမားဘ၀နဲ့ ဖီဖာကမ္ဘာ့အကောင်းဆုံးကို ရခဲ့တဲ့ စီရိုနယ်ဒိုဟာ သူရဲ့ မလျော့တဲ့ဇွဲ လုံ့လတို့နဲ့ ဆက်ကြိုးစားနေခဲ့လို့ အခုဆိုရင် ရီးရဲလ်ကစားသမားဘ၀မှာ ဆု ၂ ခါ ထပ်ရခဲ့တာမို့ ၃ ထပ်ကွမ်း အကယ်ဒမီရှင် ဖြစ်ခဲ့ ရပါပြီ......၂၉ နှစ်သာ ရှိသေးတာမို့ သူ့အတွက် နောက်ထပ် အောင်မြင်ခြင်းတွေဟာ ရောက်လာဦးမှာအသေအချာပဲ မဟုတ်ပါလား......။

U Myo Thant




<< Back Article


Advertisement
Here