Europe News

ဒုက္ခများခဲ့သော ဆီမီးဖိုင်နယ်

Feb 06 , 2015

ယမန်နေ့က ကျင်းပခဲ့သော ၂၀၁၅ အာဖရိကဖလား ဒုတိယဆီမီးဖိုင်နယ်တွင် အိမ်ရှင် အီကွေတိုရီရယ် ဂီနီပရိသတ်များ သောင်းကျန်းခဲ့သဖြင့် မိနစ် ၃၀ ကျော် ပွဲရပ်နားခဲ့ရကြောင်း သိရသည်။

အာဖရိက နိုင်ငံများဖလားကို ၄ ကြိမ်ရရှိထားခဲ့သော ဂါနာနှင့် အိမ်ရှင်အသင်းတို့ ကစားခဲ့ရာတွင် ဂါနာက ပိုမိုကစားနိုင်ခဲ့ပြီး ပထမပိုင်း ၄၂ မိနစ်နှင့် ပထမပိုင်း နာကျင်အချိန်ပို ၁ မိနစ်တို့တွင် ဂျော်ဒန်အေရီနှင့် မူဘာရက်တို့က ဂါနာအတွက် ဦးဆောင်ဂိုးများ သွင်းခဲ့ကြသည်။

ပထမပိုင်းအပြီးတွင် အိမ်ရှင်ပရိသတ်များက တွေ့ရာပစ္စည်းများဖြင့် ဂါနာပရိသတ်နှင့် ဂါနာကစားသမားများထံသို့ ပစ်ပေါက်ခဲ့ရာမှ ထိပ်တိုက်တွေ့ဆုံမှု စတင်ခဲ့သည်။

လုံခြုံရေးရဲများက ဂါနာကစားသမားများကို ပလပ်စတစ်ဒိုင်းများဖြင့် အကာအကွယ်ပေး၍ အ၀တ်လဲခန်းသို့ခေါ်သွားခဲ့ရပြီး ရဲရဟတ်ယာဉ်တစ်စီးက ကွင်းအတွင်း သောင်းကျန်းနေသူများကို နှိမ်နှင်းရန် ကြိုးစားခဲ့ရကာ ဂါနာဘောလုံးအဖွဲ့ချုပ်က ယင်းပုံစံမှာ စစ်ပွဲဖြစ်နေသည့်အလားဟု ခိုင်းနှိုင်းဖော်ပြခဲ့သည်။

ပွဲကို မိနစ် ၃၀ ကျော်ကြာ ရပ်နားထားခဲ့ရပြီး ဆက်လက် ကစားစေရာတွင် အန်ဒရီအေရီက ဂါနာအတွက် နောက်ထပ်အနိုင်ဂိုးသွင်းပေးခဲ့သဖြင့် ဂါနာမှာ လာမည့် တနင်္ဂနွေနေ့တွင် အိုင်ဗရီကို့စ်နှင့် ဗိုလ်လုရတော့မည် ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here