Article

ဖိအားတွေအောက် ထို ၂ယောက်

Jun 20 , 2014

၂၀၁၄ ကမ္ဘာ့ဖလားပွဲကတော့ အရှိန်ရလာပါပြီ။ ထုံးစံအတိုင်း နိုင်မယ်လို့ထင်ထားတဲ့ အသင်းတစ်ချို့ နိုင်ခဲ့သလို အရှုံးကိုရင်မှာ ပိုက်လိုက်ရ သူတွေလည်း ပေါ်လာပါတယ်။

တကယ်တော့ ဒီကမ္ဘာ့ဖလားပွဲမှာ ပရိသတ်တွေဟာ ဘယ်အသင်းနိုင်မယ်ဆိုတာမျိုး တွက်တတ်ကြသလို သူတို့အားပေးတတ်ကြ တဲ့ ကစားသမားတွေ ဘယ်လိုအစွမ်းပြလာမလဲဆိုတာကိုပါ စောင့်ကြည့်နေကြတာပါ။ နာမည်ကျော် မက်ဆီကတော့ ကိုယ်တိုင် ဂိုးသွင်းခဲ့သလို သူ့အသင်း အာဂျင်တီးနားဟာလည်း နိုင်ပွဲရခဲ့တာမို့ မက်ဆီ ပရိသတ်တွေကျေနပ်ကြပေမယ့် ရွန်းနီနဲ့ စီရိုနယ်ဒိုတို့ကို စောင့်ကြည့်နေသူတွေ အတွက်ကတော့ အားမလို အားမရ ဖြစ်ခဲ့ကြပါတယ်။ ရွန်းနီဟာ စတားရစ် ဂိုးသွင်းနိုင်ဖို့ ဖန်တီးပေးခဲ့ပေမယ့် သူ့အသင်း အင်္ဂလန်ဟာ အီတလီကို ရှုံးခဲ့ရပြီး စီရီုနယ်ဒိုပါတဲ့ ပေါ်တူဂီဟာလည်း မထင်မှတ်ထားပဲ ဂျာမနီကို ၄ ဂိုးပြတ်နဲ့ ဒူးထောက်လိုက်ရပါပြီ။

ရွန်းနီဟာ ခြေစွမ်းမပြနိုင်ခဲ့ဘူးလို့ ဝေဖန်သူတွေရှိခဲ့သလို သူနဲ့ မသင့်တော်တဲ့နေရာမှာ ကစားခဲ့ရလို့ ထင်တိုင်းမပေါက်တာ လို့ ပြောသူတွေလည်း ရှိပါတယ်။ ချဲလ်ဆီးနည်းပြ မော်ရင်ဟိုကတော့ ရွန်းနီးဟာ နောက်ချန်တိုက်စစ်မှူး နေရာထက် အထောင် တိုက်စစ်မှူး နေရာက သူ့အတွက် ပိုအံဝင်တယ်လို့ ဆိုပါတယ်။ ရွန်းနီ တို့ရဲ့ အင်္ဂလန်ဟာ လာမယ့် ကြာသပတေးညမှာ ဥရုဂွေးနဲ့ ရင်ဆိုင်ရပါတော့မယ်။ အဖွင့်ပွဲစဉ်တွေမှာ ရှုံးထားတဲ့ ၂ သင်းမို့ အဲဒီပွဲဟာ ၂ သင်းလုံးအတွက် တကယ့်ကို Do or Die ပွဲစဉ်ပါပဲ။ ရှုံးတဲ့အသင်းဟာ ကမ္ဘာ့ဖလားပွဲကို လက်ပြ နှုတ်ဆက်သွားရမယ့် အနေအထားမို့ပါ။ အဲဒီပွဲမှာ ဥရုဂွေးဘက်က လီဗာပူး တိုက်စစ်မှူး ဆွာရက်ဇ် ပါလာမှာလားဆိုတာ ရာနှုန်းပြည့် မသေချာသေးပေမယ့် အနည်းဆုံး အရန်ခုံမှာ ရှိနေမှာတော့ သေချာလှ ပါတယ်။

သူ့အနေနဲ့လည်း အရေးကြီးလှတဲ့ ဒီပွဲမှာပါဖို့ လိုတာ အမှန်ပါ။ ရွန်းနီဟာ ဗဟိုတိုက်စစ်နေရာက ကစားခွင့် ရမှာလား?၊ အင်္ဂလန် နိုင်ကော နိုင်မှာလား? ဆိုတာ စောင့်ကြည့်ကြရဦးမှာပါ။ စီရိုနယ်ဒို တို့ရဲ့ ပေါ်တူဂီကတော့ ၂၃ ရက်နေ့မှာ အမေရိကန်နဲ့ ဆုံရပါလိမ့်မယ်။ အမေရိကန်ဟာ ဂါနာကို နိုင်ထားသူမို့ ပေါ်တူဂီနဲ့ ပွဲမှာသာ ရလဒ်ကောင်းခဲ့ရင် နောက်တစ်ဆင့် အတွက် မျှော်လင့်နိုင်မှာပါ။ ဒါပေမယ့် ပေါ်တူဂီအတွက်ကတော့ နိုင်ထားမှသာ ဂါနာနဲ့ပွဲအတွက် ယုံကြည်မှု ပိုရှိလာစေပါလိမ့် မယ်။ ပထမပိုင်းမှာတင် ဂျာမနီကို ၃ ဂိုး ပေးရပြီး နောက်ခံလူ ပီပီ အထုတ်ခံခဲ့ရတဲ့ ပေါ်တူဂီအတွက် ဂျာမနီနဲ့ပွဲရလဒ်ကို မေ့ထား ပြီး ဘောလုံးအရာမှာ အင်အားကြီးမဟုတ်လှတဲ့ အမေရိကန်ကို နိုင်ဖို့ အသည်းအသန် အားထုတ်ရပါလိမ့်မယ်။ ရွှေဘောလုံးဆု ရထားတဲ့ ကစားသမားမျိုးဟာ အခုလိုပွဲမျိုးမှာ အစွမ်းပြဖို့ လိုတာကတော့ အမှန်ပါပဲ။

ကဲ.......စီရိုနယ်ဒိုရဲ့ ပေါ်တူဂီ နိုင်မှာလား? ပွဲကောင်းတွေအတွက် စောင့်ကြည့်ကြပါဦးစို့။

U Myo Thant




<< Back Article


Advertisement
Here