Article

ထိပ်ဆုံး ၄ သင်း ခန့်မှန်းခြင်း

Mar 17 , 2015

အခုဆိုရင် ပရီးမီးယားလိဂ်ပွဲစဉ်တွေဟာ ရာသီကုန်ပိုင်း နီးလာပြီမို့ အကြိတ်အနယ်ရှိနေပြီဖြစ်ပြီး အရေးကြီးတဲ့ ထိပ်ဆုံး ၄ သင်း စာရင်းဝင်ဖို့ရာ ဘယ်သူတွေ ဖြစ်လာနိုင်မလဲ......ဆိုတာ စိတ်ဝင်စားစရာပါ။

လောလောဆယ် အဆင့် ၂ မန်စီးတီးနဲ့ အဆင့် ၇၊ စပါး အဆင့် ၆ ဆောက်သင်တန်တို့ဟာ ၈ မှတ် ကွာဟနေတာမို့ အဆင့် ၆ နဲ့ ၇ ဟာ အဆင့် ၃၊ ၄ နေရာတွေကိုတက်ဖို့ကိုသာ မျှော်မှန်းနိုင်မှာပါ။ ဒါပေမယ့် အမှတ်ကွာဟမှုက ၆ မှတ်အထိ ရှိနေတာမို့ လွယ်တော့ မလွယ်လှပါဘူး။

(၁) ချဲလ်ဆီး

မော်ရင်ဟိုရဲ့ ချဲလ်ဆီးဟာ တစ်ပွဲကျန် အနေအထားမှာကို အဆင့် ၂ မန်စီးတီးအပေါ် ၆ မှတ် ဖြတ်ထားတာမို့ ဗိုလ်စွဲဖို့ အကောင်းဆုံး အနေအထားပါပဲ။ ဒါ့အပြင် ကက်ပီတယ်ဝမ်းဖလားကို ရထားတဲ့ ချဲလ်ဆီးဟာ ချန်ပီယံလိဂ်ပွဲတွေ ဆက်ကစားဖို့မရှိတော့တာမို့ ပရီးမီးယားလိဂ် တစ်ခုတည်းကိုပဲ အာရုံထားလို့ ရနေပါပြီ။ ချဲလ်ဆီးရဲ့ လက်ကျန်ပွဲတွေကို ကြည့်လိုက်ရင် ဧပြီ ၁၈ မန်ယူနဲ့ အိမ်ကွင်းပွဲ၊ ဧပြီ ၂၆ အာဆင်နယ်နဲ့ အဝေးကွင်းပွဲ၊ မေလ ၉ ရက် လီဗာပူးနဲ့ အိမ်ကွင်းပွဲတွေကလွဲပြီး ကျန်တဲ့ပွဲတွေဟာ သာမန်အဆင့် အသင်းတွေနဲ့သာ ကစားရမှာမို့ အဲဒီ ထိပ်တန်း ၃ သင်းနဲ့ပွဲမှာ အခြေအနေကောင်းခဲ့မယ် ဆိုရင် ချန်ပီယံဘွဲ့ဟာ ချဲလ်ဆီးအတွက်သာ ဖြစ်လာပါလိမ့်မယ်။

(၂) မန်စီးတီး

အကြိတ်အနယ်ရှိခဲ့ရာက ခြေချော်လက်ချော် ပွဲတွေနဲ့တိုးခဲ့လို့ ချဲလ်ဆီးနဲ့ အမှတ်ကွာဟမှုများသွားခဲ့ရတဲ့ မန်စီးတီးဟာ ဒီဒုတိယနေရာအတွက်ကိုပဲ ကြိုးစားရတော့မယ့် အနေအထားပါပဲ။ ပြည်တွင်းမှာ မျှော်မှန်းစရာဖလားမရှိတော့သလို ချန်ပီယံလိဂ်မှာလည်း ဘာစီလိုနာနဲ့ ကစားရမှာမို့ ( အိမ်ကွင်းမှာတင် ၁း၂ နဲ့ ရှုံးခဲ့လို့) ဘာစီလိုနာရဲ့ နူးကမ့်မှာ ၂ ဂိုးပြတ်နဲ့ နိုင်ဖို့ဆိုတာ စိတ်ကူးယဉ်ဆန်လွန်းလှပါတယ်။ ဒါကြောင့် မန်စီးတီးအနေနဲ့ ပရီးမီးယားလိဂ်အဆင့် ၂၇ ရေးကိုပဲ အားခဲရပါတော့မယ်။ မန်စီးတီးဟာ လာမယ့်ပွဲတွေမှာ ထိပ်တန်း အသင်းတွေထဲက မန်ယူနဲ့ ဧပြီ ၁၂ အဝေးကွင်းပွဲ၊ အသင်းတွေထဲက မန်ယူနဲ့ ဧပြီ ၁၂ အဝေးကွင်းပွဲ၊ မေ ၂ ရက် စပါးနဲ့ အဝေးကွင်းပွဲတွေဟာ သတိထားရမယ့်ပွဲတွေပါ။ မန်စီးတီးရဲ့ အဝေးကွင်းနောက်ဆုံး ၅ ပွဲမှာ စတုတ်ကို ၁း၎ နဲ့ နိုင်ခဲ့တဲ့ ပွဲကလွဲလို့ အဲဗာတန်၊ ချဲလ်ဆီးတို့ကို သရေ၊ လီဗာပူးနဲ့ ဘန်လေတို့ကို ရှုံးခဲ့တာမို့ အဝေးကွင်းခြေစွမ်းအပေါ်မှာ မေးခွန်းထုတ်စရာ အများကြီးပါ။

(၃) အာဆင်နယ်

FA ဖလားပိုင်ရှင် အာဆင်နယ်ဟာ ဒီနှစ်မှာလည်း FA ဖလားဆီမီးကို တက်ခဲ့ပြီဖြစ်ပြီး ရီးဒင်းကို ကျော်နိုင်ရင် ဖိုင်နယ်ရောက်မှာပါ။ ဖိုင်နယ်မှာတော့ လီဗာပူးနဲ့ တွေ့ဖို့ များပါတယ်။ ချန်ပီယံလိဂ်မှာတော့ အိမ်ကွင်းမှာ မိုနာကိုကို ၁း၃ နဲ့ ရှုံးခဲ့လို့ ဒီည ပြင်သစ်မြေမှာ အာဆင်နယ်ရလဒ်ကောင်းဖို့ ( ၃ ဂိုးပြတ်နိုင်ဖို့ရာ) မလွယ်လှပါဘူး။ ဒါကြောင့် အာဆင်နယ်အနေနဲ့ ပရီးမီးယား အဆင့် ၂၊ ၃ နေရာတွေအတွက် ကြိုးစားရမှာပါ။ အာဆင်နယ်အတွက် လာမယ့်ပွဲတွေထဲမှာ ခက်ခဲနိုင်တာကတော့ လီဗာပူးနဲ့ အိမ်ကွင်းပွဲ၊ ချဲလ်ဆီးနဲ့ အိမ်ကွင်းပွဲ၊ မန်ယူနဲ့ အဝေးကွင်းပွဲတွေပါပဲ။ အဆင့် ၂ ကနေ အဆင့် ၅ အထိ အသင်း ၄ သင်းရဲ့ အမှတ်ကွာဟမှုက ၄ မှတ်တည်းပါ။ ဒီတော့ ခြေတစ်လှမ်းမှားတာနဲ့ တစ်သင်းသင်းက အချိန်မရွေး ကျော်တက်သွားနိုင်တဲ့ သဘောပါပဲ။

(၄) မန်ယူ

မန်ယူအတွက် ဒီရာသီမှာ ကျန်နေတဲ့ တစ်ခုတည်းသော ပန်းတိုင်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် ပြန်ရရေးပဲ ဖြစ်ပါတယ်။ နာမည်ကြီး ဗန်ဂေါလ်ရဲ့ ၃း၅း၂ ကစားကွက်ထဲမှာ မန်ယူကစားသမားတွေဟာ အသားမကျနိုင်တာကစလို့ ဒဏ်ရာရသူများခဲ့ရတာတွေဟာလည်း ဒီရာသီ မန်ယူကို ဒုက္ခပေးသွားတဲ့ အချက်တွေပါပဲ။ သရေကျသင့်တဲ့ပွဲမှာ ရှုံး၊ နိုင်သင့်တဲ့ပွဲမှာ သရေကျ အဲဒီလိုဘ၀ ရောက်ခဲ့ရတဲ့ မန်ယူဟာ လက်ကျန်ပွဲတွေမှာ အသေအလဲ အားထုတ်ရဦးမယ့် ပွဲတွေ ရှိနေပါသေးတယ်။ လီဗာပူးနဲ့ အဝေးကွင်းပွဲ၊ ချဲလ်ဆီးနဲ့ အဝေးကွင်းပွဲ၊ မန်စီးတီး၊ အာဆင်နယ်တို့နဲ့ အိမ်ကွင်းပွဲ၊ အဲဗာတန်နဲ့ အဝေးကွင်းပွဲတွေဟာ မန်ယူအတွက် အရေးကြီးလှတဲ့ပွဲတွေပါပဲ။ အဲဒီပွဲတွေမှာမှ ရလဒ်မကောင်းနိုင်ခဲ့ရင် ယူရိုပါလိဂ်ဝင်ခွင့် အဆင့်ကို ရောက်သွားနိုင်ပါတယ်။ ဗန်ဂေါလ်နဲ့ သူ့ကစားသမားတွေ ဘယ်လောက် အားထုတ်နိုင်မယ် ဆိုတာ စောင့်ကြည့်ရမှာပါ။

(၅) လီဗာပူး

FA ဖလားကွာတား ( ပြန်ကန်ပွဲ ) အဆင့် ရောက်နေတဲ့ လီဗာပူးဟာ ပရီးမီးယား ၃ ပွဲ ဆက်တိုက် အနိုင်နဲ့အတူ အဆင့် ၅ ကိုတက်လာပြီး မန်ယူနဲ့ ၂ မှတ် အကွာကနေ ဖိအားပေးနိုင်တဲ့ အနေအထားကို ရောက်လာပါတယ်။ ဒါပေမယ့် လီဗာပူးအတွက်လည်း လက်ကျန်ပွဲတွေမှာ ခက်ခဲနိုင်တဲ့ပွဲတွေ စောင့်ကြိုနေပါသေးတယ်။ ဒီတနင်္ဂနွေ မန်ယူနဲ့ အိမ်ကွင်းပွဲ၊ အာဆင်နယ်နဲ့ အဝေးကွင်းပွဲ၊ ချဲလ်ဆီးနဲ့ အဝေးကွင်းပွဲတွေဟာ ရာသီသိမ်းလမ်းနဲ့ ခလုတ်ကန်သင်းတွေ ဖြစ်လာနိုင်လာတာမို့ မလွယ်လှပါဘူး။ ဒါကြောင့် မှန်းဆရသလောက်ဆိုရင်တော့ ရာသီအကုန်မှာ ချန်ပီယံက ချဲလ်ဆီး၊ ဒုတိယနေရာမှာ မန်စီးတီး၊ တတိယနေရာက အာဆင်နယ်နဲ့ စတုတ္ထနေရာမှာ မန်ယူတို့ ရှိနေကြမယ်လို့ ယူဆမိကြောင်းပါ။

U Myo Thant




<< Back Article


Advertisement
Here