AFC Champion News

မြန်မာ ယူ၂၃  ခြေစွမ်းပြ အနိုင်ယူ

Mar 30 , 2015

တရုတ်(တိုင်ပေ)တွင် ကျင်းပလျက်ရှိသည့် AFC U23 Championhsip 2016 ခြေစစ်ပွဲ အုပ်စု(F) ဒုတိယနေ့ပွဲစဉ်တွင် မြန်မာ ယူ၂၃ အသင်းသည် ဟောင်ကောင် ယူ၂၃ အသင်းအား မိနစ် ၆၀ ကျော် တစ်ယောက်လျော့ဖြင့် ကစားပြီး အဖိုးတန် အနိုင် (၃)မှတ် ရယူနိုင်ခဲ့သည်။

ယနေ့ ပွဲစဉ်သည် မြန်မာအသင်းအတွက် ဟောင်ကောင်ကို အနိုင်ရရှိမှသာ ခြေစစ်ပွဲ အောင်မြင်ရေး မျှော်လင့်ချက် ရှင်သန်နိုင်မည် ဖြစ်သကဲ့သို့ ဟောင်ကောင် အသင်းအတွက်လည်း နိုင်ပွဲ ပြန်လည်ရရှိရန် အရေးကြီးသော ပွဲစဉ်တစ်ပွဲဖြစ်သည်။ မြန်မာအသင်းတွင် တိုက်စစ်မှုးအဖြစ် ရှိုင်းသူရကို အထောင်ထားပြီး ၄-၅-၁ ကစားပုံအတိုင်း ကွင်းလယ် ကစားကွက်အသာဖြင့် ဟောင်ကောင်ကို အနိုင်ရရန် ကြိုးပမ်းခဲ့သည်။

ပွဲအစတွင် အရပ်အမောင်း ကောင်းမွန်သော ဟောင်ကောင်တို့ လျင်လျင်မြန်မြန် တိုက်စစ်ဆင် ကစားမှုကို မြန်မာကွင်းလယ်နှင့် နောက်ခံလူများ ကာကွယ်ဖျက် ထုတ်နေခဲ့ရသည်။ မြန်မာအသင်းမှ နောက်ခံလူ ဇော်ရဲထွန်း ဒဏ်ရာရခဲ့ပြီး ချင်းယူနိုက်တက်အသင်း၏ ဟောင်ဟပ်ထန်နှင့် လူစားလဲ ကစားခဲ့ရသည်။ ပထမပိုင်း တွင် မြန်မာအသင်း ထိထိရောက်ရောက် တိုက်စစ်ဆင်နိုင်ခြင်း မရှိခဲ့ပေ။ ပွဲချိန် ၃၂ မိနစ်တွင် ဟောင်ကောင်အသင်းမှ နောက်ခံလူ လန်နုဟန်က ထောင့်ကန်ဘော ကို ခေါင်းတိုက်သွင်းယူပြီး မြန်မာကို (၁-၀) ဂိုးဖြင့် ဖိအား ပေးထားခဲ့သည်။

ပွဲချိန် ၃၄ မိနစ်တွင် မြန်မာဘက်မှ အားထားရသည့် ကွင်းလယ်လူ လှိုင်းဘိုဘို ဥပဒေပ ကစားမှုကြောင့် တိုက်ရိုက်အနီဖြင့် ထုတ်ပယ်ခံရသဖြင့် မြန်မာ ယူ၂၃ အသင်း ၁၀ ဦးတည်းဖြင့် ဟောင်ကောင်ကို မိနစ် ၆၀ ကျော် ယှဉ်ပြိုင်ကစားခဲ့ရသည်။ ဒုတိယပိုင်းတွင် တစ်ယောက်လျော့ မြန်မာအသင်း စိတ်ဓာတ်ရေးရာတွင် ဟောင်ကောင် ထက် များစွာသာလွန်ခဲ့ပြီး ရေကုန်ရေခမ်း ယှဉ်ပြိုင်ကစားခဲ့သဖြင့် ဟောင်ကောင်အသင်း ဖိအားများစွာ ကြုံတွေ့ခဲ့ရသည်။ အကြိတ်အနယ် ရှိသဖြင့် မြန်မာဘက်သို့ အ၀ါကတ် (၅) ကြိမ်နှင့် အနီကတ် (၁) ကြိမ်ပြသခံရသလို ဟောင်ကောင်အသင်းဘက်သို့လည်း အ၀ါကတ် ၃ ကြိမ်ပြသခံရသည်။

ပွဲချိန် ၅၂ မိနစ်တွင် ရှိုင်းသူရ ပေးပို့မှုမှ ဇွန်မိုးအောင် ဘောလုံးရသွားပြီး ဟောင်ကောင် နောက်ခံလူနှင့် ဂိုးသမားကို အကြပ်ရိုက်ကာ လှလှပပ ချေပဂိုး သွင်းယူပေးခဲ့သဖြင့် တစ်ဖက် တစ်ဂိုးစီ သရေ ဖြစ်နေခဲ့သည်။ ဟောင်ကောင်အသင်း အနိုင်ဂိုးအတွက် အမြင့်ဘောများ အသုံးပြုကာ မြန်မာဘက်သို့ ဆက်လက် တိုက်စစ်ပုံဖော်နေစဉ် အတွင်းမှာပင် မြန်မာက ဦးဆောင်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သည်။ ပွဲချိန် ၆၂ မိနစ်တွင် ဇွန်မိုးအောင်ကပင် ၁၈ ကိုက်စည်း အတွင်း ဟောင်ကောင်နောက်တန်းအား ကျော်ဖြတ်ပြီး မြန်မာအတွက် အနိုင်ဂိုး သွင်းပေးနိုင်ခဲ့သည်။

၁၀ ဦးတည်းဖြင့် ချေပဂိုးရော အနိုင်ဂိုးပါ သွင်းယူလိုက်နိုင်သည့်အတွက် ပြိုင်ဘက် ဟောင်ကောင်အသင်း တုန်လှုပ်ခဲ့ရပြီး မြန်မာဘက်သို့ ချေပဂိုး ပြန်သွင်းယူနိုင်ရန် အမြင့်ဘောများ အသုံးပြုကာ ပြန်လည်တိုက်စစ်ဆင်ခဲ့သည်။ သို့သော် မြန်မာနောက်တန်းနှင့် အနာခံ ကြိုးပမ်းကာကွယ်ခဲ့သည့် ဂိုးသမား ကျော်ဇင်ဖြိုး တို့ကြောင့် နာကျင်အချိန်ပို ၆ မိနစ်ကုန်ဆုံးသည်ထိ ဟောင်ကောင်အသင်း ချေပဂိုး မရခဲ့ဘဲ တစ်ယောက်လျော့ မြန်မာကို အရေးနိမ့်ခဲ့သည်။ လက်ရှိအချိန်တွင် မြန်မာ ယူ၂၃ အသင်းအနေဖြင့် အုပ်စုပထမ နေရာ အဆုံးအဖြတ် ပွဲစဉ်အဖြစ် လာမည့် မတ်လ ၃၁ ရက်နေ့တွင် သြစတြေးလျအသင်းနှင့် ဆက်လက် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

U Myo Thant

<< Back AFC Champion News


Advertisement
Here