AFC Champion News

ယူ-၂၃ အဆုံးအဖြတ်ပွဲများ

Mar 30 , 2015

၂၀၁၆ AFC ယူ-၂၃ ခြေစစ်ပွဲများမှာ ယခုအခါ နောက်ဆုံး အဆုံးအဖြတ်ပေးမည့် အချိန်သို့ နီးကပ်လာပြီ ဖြစ်သည်။

ခြေစစ်ပွဲများတွင် အုပ်စု B မှလွဲ၍ ကျန်အုပ်စု ၉ စုမှာ မနက်ဖြန် မတ်လ ၃၁ ရက်နေ့တွင် နောက်ဆုံးပွဲစဉ်များ ကစားရတော့မည်ဖြစ်ရာ အချို့အုပ်စုများမှာ ပြတ်သားသော အဖြေများ ထွက်နေပြီဖြစ်သော်လည်း အချို့ပွဲစဉ်များမှာ အသည်းအသန်ကစားရမည့် အနေအထားတွင် ရှိနေသည်။ အုပ်စု A တွင် ၉ မှတ်ရ အီရတ်နှင့် ၇ မှတ်ရ အိုမန်တို့က အဆုံးအဖြတ်ပွဲ ကစားရမည်ဖြစ်ရာ အီရတ်အနေနှင့် သရေကျလျင်ပင် အုပ်စုဗိုလ်စွဲမည်ဖြစ်သည်။

တတိယနေရာမှ ဘာရိန်းမှာ စတုတ္ထနေရာမှ လက်ဘနွန်နှင့်ကစားမည်ဖြစ်ပြီး အနိုင်ရလျင်သော်မှ အိုမန်နှင့် အမှတ်တူနိုင်သော်လည်း ဂိုးကွာခြားချက်မှာ ၈ ဂိုးအထိ ရှိနေသဖြင့် နောက်တစ်ဆင့်တက်ရန် လွယ်မည်မဟုတ်ပေ။ အုပ်စု C တွင်လည်း အီရန်က ၉ မှတ်ရထားပြီး ၇ မှတ်ရ ဆော်ဒီနှင့် ကစားရမည်ဖြစ်ရာ သရေကျရုံဖြင့် အီရန်က အုပ်စု ဗိုလ်စွဲမည် ဖြစ်သည်။ အုပ်စု D တွင် ယူအေအီးနှင့် ယီမင်တို့က ၆ မှတ်စီရထားပြီး မနက်ဖြန်ပွဲစဉ်တွင် ယူအေအီးက သရေရလျင်ပင် ဂိုးကွာခြားချက်အသာဖြင့် နောက်တစ်ဆင့်တက်မည် ဖြစ်သည်။

အုပ်စု E မှ ၆ မှတ်စီရထားသော ဆီးရီးယားနှင့် ဥဇဘက်ကစ္စတန်၊ အုပ်စု F မှ ၆ မှတ်စီရ သြစတြေးလျနှင့် မြန်မာ၊ အုပ်စု G မှ ၆ မှတ်စီရ မြောက်ကိုရီးယားနှင့် ထိုင်း၊ အုပ်စု H မှ တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားတို့၏ မနက်ဖြန်ပွဲစဉ်များမှာ မည်သူအုပ်စုဗိုလ်ဖြစ်မည်ကို အဆုံးအဖြတ်ပေးမည့် ပွဲစဉ်များ ဖြစ်သည်။ အုပ်စု I တွင် ဂျပန်က ၆ မှတ်ရထားပြီး ၃ မှတ်ရ မလေးရှားနှင့် ကစားရမည်ဖြစ်ပီး ၃ မှတ်ရထားသော ဗီယက်နမ်က မကာအိုနှင့် ကစားရမည်ဖြစ်ရာ မလေးရှားရှုံးပွဲတွေ့ပြီး ဗီယက်နမ်က နိုင်ခဲ့ပါက ဗီယက်နမ်မှာ အုပ်စု ဒုတိယနေရာကို မျှော်လင့်နိုင်မည် ဖြစ်သည်။

အုပ်စု J တွင် တရုတ်က ၆ မှတ်ရထားပြီး ၄ မှတ်ရ လာအိုနှင့် တွေ့ရမည်ဖြစ်ပြီး ဂိုးရလဒ်များအရ လာအိုမှာ ရှုံးခဲ့လျင်ပင် အုပ်စု ဒုတိယနေရာတွင် ရှိနေမည်ဖြစ်သည်။ သို့သော် အကောင်းဆုံး ဒုတိယ ၅ သင်း အဆင့် ၀င်ရန်မှာမူ ဖြစ်နိုင်တော့မည် မဟုတ်ပေ။ ယခု ခြေစစ်ပွဲမှ အုပ်စု ဗိုလ် ၁၀ သင်းနှင့် အကောင်းဆုံး ဒုတိယ ၅ သင်းမှာ အိမ်ရှင် ကာတာနှင့်အတူ အုပ်စုအဆင့် နောက်ဆုံးပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်သည်။

U Myo Thant




<< Back AFC Champion News


Advertisement
Here