Article

ဘယ်သူတန်းဆင်းမလဲ?

May 04 , 2015

၂၀၁၄-၁၅ ဘောလုံးရာသီမကုန်ခင်မှာပဲ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ရရှိသွားခဲ့ပါပြီ။

ဒါပေမယ့် တန်းဆင်းရမယ့် ၃ သင်းထဲမှာ ဘန်လေ တစ်သင်းဟာ သေချာနေပြီး ကျန်တဲ့ ၂ သင်းက မရေရာသေးပါဘူး။ ဒါပေမယ့် အဲဒီ လက်ကျန် ၂ နေရာစာထဲမှာ ၃၅ ပွဲကစား ၂၇ မှတ်သာရထားတဲ့ ကျူပီအာဟာ တန်းဆင်းရဖို့ ပိုသေချာနေပြီး ၃၄ ပွဲကစား ၃၃ မှတ်ရထားတဲ့ ဆန်းဒါးလန်းဟာ တန်းဆင်းဇုန်က လွတ်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ကျူပီအာဟာ လာမယ့် တနင်္ဂနွေနေ့မှာ မန်စီးတီးနဲ့ အဝေးကွင်း ကစားရမှာဖြစ်ပြီး ရှုံးတာနဲ့ တန်းဆင်းအသင်း စာရင်းဝင်သွားမှာပါ။ အမှတ်ပေးဇယား အောက်ပိုင်းက အသင်းတွေကို ကြည့်မယ်ဆိုရင် အဆင့် ၁၄ ဗီလာနဲ့ အဆင့် ၁၈ ဆန်းဒါးလန်းတို့ကြားက အမှတ်ကွာဟမှုဟာ ၂ မှတ် တည်းသာ ရှိနေတာမို့ တစ်ချက်မှားတဲ့အသင်းဟာ ချန်ပီယံရှစ်ကို ဆင်းသွားရပါလိမ့်မယ်။  အဆင့် ၁၄ ကနေ ၁၈ အတွင်း အသင်း ၅ သင်းရဲ့ လက်ကျန် အနေအထားကို ကြည့်ရအောင်ပါ။

 

၁၄ - ဗီလာ

၃၅ ပွဲ ၃၅ မှတ်ရထားတဲ့ ဗီလာဟာ သူ့အောက်အဆင့် ၁၅ က နယူးကာဆယ်နဲ့ အမှတ်တူပါ။

ဗီလာရဲ့ လက်ကျန် ၃ ပွဲကို ကြည့်မယ်ဆိုရင်တော့ ၀က်စ်ဟမ်း (အဆင့် ၉)၊ ဘန်လေ (အဆင့် ၂၀) တို့နဲ့ အိမ်ကွင်းပွဲ၊ ဆောက်သင်တန် (အဆင့် ၇) နဲ့ အဝေးကွင်းပွဲတို့ ကစားရမှာ ဖြစ်ပါတယ်။

FA ဖလားမှာ ဗိုလ်လုပွဲရောက်နေတဲ့ ဗီလာဟာ တန်းဆင်းစရာ အန္တရာယ်မရှိသလို ဥရောပ၀င်ခွင့်နဲ့လည်း ဝေးနေတဲ့ ၀က်စ်ဟမ်း၊ ဆောက်သင်တန်တို့နဲ့ ကစားရမယ့်အပြင် တန်းဆင်းပြီးသား ဘန်လေနဲ့ ကစားရမှာကလည်း သူတို့အတွက် အခွင့်အရေးကောင်းတွေ ရလာနိုင်မှာပါ။

 

၁၅ - နယူးကာဆယ်

၈ ပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့တဲ့ နယူးကာဆယ်ကတော့ လက်ကျန်ပွဲတွေမှာ ၀က်စ်ဘရွန်း (အဆင့် ၁၃)၊ ၀က်စ်ဟမ်း (အဆင့် ၉) တို့နဲ့ အိမ်ကွင်းပွဲ၊ တန်းဆင်းအသင်းဖြစ်နေလောက်တဲ့ ကျူပီအာ (အဆင့် ၁၉) နဲ့ အဝေးကွင်းပွဲတွေ ကစားရမှာပါ။

ကျူပီအာအနေနဲ့ အိမ်ကွင်းနောက်ဆုံးပွဲမှာ နယူးကာဆယ်ကို ခံကစားသွားနိုင်သလို လက်ရှိ တိုက်စစ်ပုံစံကို နယူးကာဆယ် မပြင်နိုင်ခဲ့ရင် ဒုက္ခများသွားနိုင်ပါတယ်။  ဒါပေမယ့် သူတို့ဟာ ရုန်းရမယ့် အသင်းမျိုးတွေနဲ့ မတွေ့ရတာဟာ ကံကောင်းတာပါပဲ။

 

၁၆ - ဟောလ်စီးတီး

ဟောလ်စီးတီးဟာ ၃၄ ပွဲကစား ၃၄ မှတ် ရထားပြီး ဒီကနေ့ ညမှာ အာဆင်နယ်ကို ဧည့်ခံရမှာပါ။

ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့်အတွက် ကြိုးစားနေတဲ့ အာဆင်နယ်ကို ဟောလ်စီးတီး ခံကစားနိုင်မလားဆိုတာ မေးစရာပါ။

ဒီပွဲပြီးရင်တော့ ဟောလ်စီးတီးဟာ ဘန်လေ၊ စပါး၊ မန်ယူတို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။

ဘန်လေနဲ့ အိမ်ကွင်းပွဲမှာ ဟောလ်စီးတီး အခြေအနေကောင်းနိုင်ပေမယ့် စပါးနဲ့ အဝေးကွင်းပွဲ မန်ယူနဲ့ အိမ်ကွင်းပွဲတွေမှာတော့ အတော်ရုန်းရပါလိမ့်မယ်။

 

၁၇ - လီဆက်စတာ

နယူးကာဆယ်ကို ၃းဝ နဲ့ နိုင်ခဲ့တဲ့ လီဆက်စတာဟာ ဆောက်သင်တန် (အဆင့် ၇)၊ ဆန်းဒါးလန်း (အဆင့် ၁၈)၊ ကျူပီအာ (အဆင့် ၁၉) တို့နဲ့ တွေ့ရမှာပါ။

ဆောက်သင်တန်၊ ကျူပီအာတို့နဲ့ ပွဲဟာ အိမ်ကွင်းမှာမို့ အခြေအနေကောင်းနိုင်ပေမယ့် ဆန်းဒါးလန်းနဲ့ အဝေးကွင်းပွဲကတော့ သေရေးရှင်ရေးပွဲ ဖြစ်လာပါလိမ့်မယ်။

 

၁၈- ဆန်းဒါးလန်း

ဆောက်သင်တန်ကို ၂း၁ နဲ့ နိုင်ခဲ့လို့ စိတ်ဓာတ်တတ်ကြွနေတဲ့ ဆန်းဒါးလန်းက လက်ကျန် ၄ ပွဲ ရှိနေပေမယ့် တွေ့ရမှာတွေက အဲဗာတန် (အဆင့် ၁၁)၊ အာဆင်နယ် (အဆင့် ၃)၊ ချဲလ်ဆီး (အဆင့် ၁) တို့နဲ့ အဝေးကွင်းပွဲတွေအပြင် တန်းမဆင်းရရေး ရုန်းရမယ့် လီဆက်စတာနဲ့ အိမ်ကွင်းပွဲတွေမို့ သိပ်တော့ မချောင်လှပါဘူး။

အဲဗာတန်ဟာ ဥရောပ မျှော်လင့်ချက် မရှိတော့ပေမယ့် သူ့ကွင်းမှာ ခံကစားဦးမှာ ဖြစ်သလို ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကစားရမယ့် အာဆင်နယ်ကို အဝေးကွင်းမှာ ဆန်းဒါးလန်း တောင့်ခံနိုင်ပါ့မလား။

အိမ်ကွင်းနောက်ဆုံးပွဲမှာ ဆုဖလားနဲ့အတူ ပရိသတ်ကို နှုတ်ဆက်ရမယ့် ချဲလ်ဆီးရဲ့ စတန်းဖို့ဒ် ဘရစ်ခ်ျမှာကော ဆန်းဒါးလန်း အခြေအနေကောင်းနိုင်ပါ့မလားဆိုတာ သိပ်ကို စဉ်းစားရပါလိမ့်မယ်။

ဒီတော့ တန်းဆင်းရမယ့် အသင်း ၃ သင်း နေရာမှာ ဘန်လေ၊ ကျူပီအာ တို့နဲ့အတူ နောက်တစ်သင်းဖြစ်လာနိုင်တာကတော့ ဟောလ်စီးတီး (ဒါမှမဟုတ်) ဆန်းဒါးလန်း တစ်သင်းသင်း ဖြစ်လာမယ်....လို့ ထင်မြင်မိကြောင်းပါ။

U Myo Thant




<< Back Article


Advertisement
Here