SEA Games News

ယူ-၂၃ ဗီယက်နမ်နှင့် မြန်မာ သရေကျ

May 23 , 2015

မြန်မာ့ လက်ရွေးစင် ယူ၂၃ အသင်းနှင့် ဗီယက်နမ် လက်ရွေးစင် ယူ၂၃ အသင်းတို့ ဆီးဂိမ်းစ်အကြို ခြေစမ်းပွဲကို ယနေ့ မေ ၂၂ ရက် ဒေသစံတော်ချိန် ညနေ (၅း၀၀)နာရီက ဗီယက်နမ်နိုင်ငံ ကန်နင်းမြို့ အားကစားကွင်းတွင် ကျင်းပရာ (၂-၂) သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

ယနေ့ပွဲစဉ်သည် ဆီးဂိမ်းစ်အကြို ခြေစမ်းပွဲ ဖြစ်သည်နှင့် ပရိသတ်များ ကွင်းအပြည့် စိတ်ဝင်တစား အားပေးခဲ့ကြသည်။

မြန်မာအသင်းသည် ပွဲအစတွင် ကစားပုံမကောင်းခဲ့ဘဲ ဗီယက်နမ်အသင်း တိုက်စစ်ဆင်မှုများကို အဓိက ဖျက်ထုတ်ကာကွယ်နေရသည်။ ပထမပိုင်းတွင် မြန်မာဘက်မှ ရှိုင်းသူရ၊ နေလင်းထွန်းတို့ ဂိုးသွင်းခွင့်များရခဲ့သော်လည်း ကံခေစွာ အခွင့်အရေး ဆုံးရှုံးခဲ့ရသည်။ ပွဲချိန် ၂၃ မိနစ်တွင် မြန်မာအသင်းရရှိသော ပြစ်ဒဏ်ဘော ကန်တင်ပေးပို့မှု ပျက်စီးခဲ့ပြီး ထိုဘောလုံးမှတစ်ဆင့် ဗီယက်နမ်က တန်ပြန်ထိုးဖောက်ကာ ဦးဆောင်ဂိုး သွင်းယူသွားခြင်းဖြစ်သည်။ မိနစ် ၃၀ တွင် မြန်မာအသင်း ပြစ်ဒဏ်ဘောမှ ကောင်းဆက်နိုင် ဘောလုံးရသွားပြီး ဧရိယာတွင် ဆွဲဝင်ကန်သွင်းရာ ဂိုးသမား ပုတ်ထုတ်ခဲ့သည်။ ပြန်ထွက်လာသောဘောလုံးကို ရှိုင်းသူရ ပိတ်သွင်းရာ လူကျွံအနေထားဖြစ်သဖြင့် မြန်မာအသင်း နစ်နာခဲ့ရသည်။

ဒုတိယပိုင်း ပြန်လည်စတင်ရာတွင် နှစ်သင်းစလုံး ကစားသမား ကိုယ်စီလဲလှယ် အသုံးပြုခဲ့ကြသည်။ မြန်မာအသင်း ဒုတိယပိုင်းတွင် ကစားပုံကောင်းလာပြီး အိမ်ရှင် ဗီယက်နမ်ကို ပြန်လည်ဖိအားပေး နိုင်ခဲ့သည်။ ပွဲချိန် ၇၄ မိနစ်တွင် တိုက်စစ်ဆင်နေသည့် မြန်မာအသင်း ပင်နယ်တီရရှိခဲ့ပြီး အသင်းခေါင်းဆောင် နေလင်းထွန်းက အပိုင်သွင်းယူကာ (၁-၁)ဂိုး ဖြစ်စေခဲ့သည်။

သို့သော် ၅ မိနစ် အကြာတွင် မြန်မာနောက်တန်းအမှားမှ တစ်ဆင့် ဗီယက်နမ်ကပင် ဒုတိယဂိုး ရရှိသွားကာ (၂-၁) ဖြစ်နေခဲ့သည်။ ပွဲချိန် ၈၉ မိနစ်တွင် လှိုင်းဘိုဘို ပင်နယ်တီ ဧရိယာတွင်း ဆွဲဝင်ကန်သွင်း ရန်ကြိုးစားမှုကို ဗီယက်နမ် နောက်ခံလူ တံတောင်ဖြင့် ဥပဒေပ တားဆီးသွားသောကြောင့် ဒုတိယ ပင်နယ်တီ ရရှိခဲ့သည်။ ထိုပင်နယ်တီကို ဇွန်မိုးအောင် နှစ်ဆင့် ကန်သွင်းပြီး (၂-၂)ဂိုး သရေကျစေခဲ့သည်။

" ထိုင်းနဲ့ဗီယက်နမ်တို့က အသင်းကောင်းတွေပါ။ ခြေစမ်းပွဲ ရလဒ်နဲ့ အသင်းခြေစွမ်းကို မှတ်ချက်မပေးလိုဘူး။ ပြိုင်ပွဲကြီး ရောက်မှသာ တကယ့်ခြေစွမ်းကို သိကြမှာပါ။ ဒီနေ့ ဗီယက်နမ်ကစားတာ ကောင်းသလို ပွဲကြည့်ပရိသတ်တွေနဲ့ ပွဲစီစဉ်သူတွေကိုလည်း ချီးကျူးပါတယ်" ဟု မြန်မာနည်းပြ ဦးကြည်လွင်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

(သတင်း+ဓါတ်ပုံ MFF)

U Myo Thant

<< Back SEA Games News


Advertisement
Here