SEA Games News

ယူ-၂၃ အသင်း အပြီးသတ်လူရွေးချယ်

May 26 , 2015

စင်္ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၈) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ယှဉ်ပြိုင်ရန်အတွက် အပြီးသတ်ကစားသမား ၂၀ ကို ရွေးချယ်လိုက်ပြီဖြစ်သည်။

ယခု ဆီးဂိမ်းပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၂၃ အသင်းတွင် နာမည်ကြီးကစားသမားတစ်ဦးမှ ပါဝင်လာခြင်းမရှိဘဲ လက်ရွေးစင်အသင်း၌ ရွေးချယ်ခံရဖူးသည့် ကစားသမားအချို့သာ ပါဝင်လာခဲ့သည်။ အာရှ ယူ-၂၃ ခြေစစ်ပွဲဝင်ခဲ့သည့်အသင်းကို အခြေခံကာ ဖွဲ့စည်းထားခြင်းဖြစ်ပြီး သင်္ကြန်ကာလပြီးကတည်းက စခန်းဝင်လေ့ကျင့်ခဲ့ပြီး မူလစီစဉ်ထားသည့် ဆားဗီးယားနှင့် ဂျပန်ခရီးစဉ်များပျက်ပြယ်ခဲ့သောကြောင့် မေလလယ်အထိ ပြည်တွင်း၌သာ လေ့ကျင့်ခဲ့ရပြီး ပြည်တွင်း အသင်းများနှင့် ခြေစမ်းကစားခဲ့ရသည်။ မြန်မာလက်ရွေးစင်အသင်း၊ မြန်မာ ယူ-၂၀ အသင်း အပါအ၀င် MNL ကလပ်အသင်းများနှင့် ခြေစမ်းကစားခဲ့ရာ ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့သည်။

မြန်မာ ယူ-၂၃ အသင်းသည် မေ ၁၇ ရက်မှ ၂၂ ရက်အထိ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့တွင် ခြေစမ်းပွဲများ သွားရောက်ယှဉ်ပြိုင်ကစားခဲ့ပြီး ဆီးဂိမ်းပြိုင်ပွဲဝင်မည့် ထိုင်း ယူ-၂၃ အသင်းကို လေးဂိုးပြတ် ရှုံးနိမ့်ခဲ့သော်လည်း ဗီယက်နမ် ယူ-၂၃ အသင်းနှင့် နှစ်ဂိုးစီ သရေကျခဲ့သည်။ မြန်မာ ယူ-၂၃ အသင်းသည် ထိုင်းနှင့် ဗီယက်နမ်ခြေစမ်းခရီးစဉ်အပြီးတွင် မေ ၂၄ ရက်မှစ၍ လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်လျက်ရှိသည်။

ဆီးဂိမ်းပြိုင်ပွဲဝင်မည့် အပြီးသတ် လူ ၂၀ ကို ဗီယက်နမ် ယူ-၂၃ ခြေစမ်းပွဲအပြီးတွင် ရွေးချယ်ခဲ့ပြီး ဂိုးသမား ချမ်းငြိမ်းကျော်၊ နောက်ခံလူ သောင်လပ်ထန်နှင့် တိုက်စစ်မှူး သန်းထက်အောင်တို့ ကျန်ရစ်ခဲ့သည်။ ပြိုင်ပွဲမတိုင်မီ ပြည်ပခြေစမ်းပွဲနှစ်ပွဲသာ ကစားခဲ့ရသော်လည်း မြန်မာ ယူ-၂၃ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် အောင်မြင်မှု ရရှိရေး အပြင်းအထန် လေ့ကျင့်လျက်ရှိသည်။

ဆီးဂိမ်းပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၂၃ အသင်းတွင်

အုပ်ချုပ်သူ - သန်းတိုးအောင်၊ နည်းပြချုပ် - ဦးကြည်လွင်။

လက်ထောက်နည်းပြ - ဦးကျော်လွင်၊ ဦးမြင့်ကို။

ဂိုးနည်းပြ - ဦးသက်အောင်။

ကစားသမားများအဖြစ်

ဂိုး - ကျော်ဇင်ဖြိုး၊ အောင်ဝေဖြိုး။

နောက်တန်း - ရဲဝင်းအောင်၊ ၀င်းဇင်ဦး၊ ဖြိုးကိုကိုဦး၊ ဟိန်းသီဟဇော်၊ ကျော်ဇင်လွင်၊ ကိုကိုဟိန်း၊ သိန်းနိုင်ဦး။

အလယ်တန်း - နေလင်းထွန်း၊ လှိုင်းဘိုဘို၊ ရဲကိုဦး၊ ဇွန်မိုးအောင်၊ စည်သူအောင်၊ ချစ်စုမိုး၊ အောင်ရှိုးသာမောင်၊ သီဟဇော်၊ အောင်ကျော်နိုင်

ရှေ့တန်း - ကောင်းဆက်နှင့် ရှိုင်းသူရတို့ ပါဝင်ကြသည်။

ဆီးဂိမ်းဘောလုံး ပြိုင်ပွဲတွင် အုပ်စုခွဲဝေထားမှုအရ မြန်မာအသင်းသည် အုပ်စု (က) တွင် စင်္ကာပူ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအိုတို့နှင့် အတူတူကျရောက်လျက်ရှိသည်။ အုပ်စု (ခ) တွင် ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ တီမော၊ ဘရူနိုင်းနှင့် လာအိုအသင်းတို့ ပါဝင်လျက်ရှိသည်။ အုပ်စုပွဲစဉ်များအဖြစ် မြန်မာအသင်းသည် ဇွန် ၂ ရက်တွင် အင်ဒိုနီးရှား၊ ဇွန် ၄ ရက်တွင် စင်္ကာပူ၊ ဇွန် ၇ ရက်တွင် ဖိလစ်ပိုင်၊ ဇွန် ၁၀ ရက်တွင် ကမ္ဘောဒီးယားအသင်းတို့နှင့် ကစားရမည်ဖြစ်သည်။

U Myo Thant




<< Back SEA Games News


Advertisement
Here