SEA Games News

မြန်မာ အသင်းသတင်းစာ ရှင်းလင်းပွဲ

Jun 11 , 2015

မြန်မာ့ လက်ရွေးစင် အသင်းနှင့် လာအို လက်ရွေးစင် အသင်းတို့၏ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် အဖွင့်ပွဲစဉ် အတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို ယမန်နေ့နံနက်ပိုင်းက လာအို ဘောလုံးအဖွဲ့ချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ နှစ်ဖက်အသင်း နည်းပြများ၊ အသင်းခေါင်းဆောင်များနှင့် တာဝန်ရှိသူများ၊ မီဒီယာများ တက်ရောက် ခဲ့ကြသည်။

လာအိုအသင်း နည်းပြချုပ် စတိဗ်ဒါဘီက "လာအိုအသင်း ပရိသတ်တွေ အတွက် အကောင်းဆုံး ရလဒ်တွေ ဆောင်ကျဉ်းပေးနိုင်ဖို့ အတွက် ကြိုးစားသွား မှာပါ။ လက်ရှိမှာတော့ လာအိုအသင်းရဲ့ စိတ်ဓာတ်နဲ့ ခြေစွမ်းက ပုံစံကောင်းမှာ ရှိနေပါတယ်။ မြန်မာ အသင်းက အသင်းကောင်း တစ်သင်းပါ။ ပွဲက ခက်ခဲမှာ သေချာပါတယ်"ဟု ပြောကြားခဲ့သည်။ လာအို အသင်းမှာ စုစည်းလေ့ကျင့်ချိန် သုံးပတ်ရှိထားပြီး နောက်ဆုံး ကစားခဲ့သည့် ခြေစမ်းပွဲတွင် ကမ္ဘောဒီးယား အသင်းကို ၁ ဂိုးစီ သရေ ကစားထားသည်။

လာအို အသင်းခေါင်းဆောင် ဗီဆေး ပါပူဗန်နီကမူ မြန်မာနှင့် ပွဲစဉ်၌ အနည်းဆုံး သရေရလဒ် ရရန် မျှော်မှန်းထားကြောင်း ဆိုခဲ့သည်။ "ကျွန်တော်တို့ မြန်မာနဲ့တွေ့တိုင်း ရလဒ် မကောင်းခဲ့ပေမယ့် နက်ဖြန်ပွဲမှာတော့ ရလဒ်ကောင်းဖို့ မျှော်မှန်းထားပါတယ်။ မြန်မာဆီက အနည်းဆုံး သရေတစ်မှတ် ရအောင်ယူမှာပါ"ဟု အသင်းခေါင်းဆောင်က ပြောကြား ခဲ့ခြင်း ဖြစ်သည်။

မြန်မာ အသင်းနည်းပြချုပ် အဗရာမိုဗစ်ခ်ျကမူ ပြင်ဆင်မှု အပိုင်းနှင့် လူရွေးချယ်မှု အပိုင်းတွင် အားနည်းချက် အချို့ရှိခဲ့ကြောင်း ဆိုသည်။ "လူရွေးချိန်မှာ မြန်မာနိုင်ငံက အသင်း သုံးသင်းထိ ပြိုင်ပွဲတွေ ၀င်ပြိုင်နေတာ ဖြစ်တဲ့ အတွက် ကစားသမား ရွေးချယ်ရာမှာ အားနည်းခဲ့ပါတယ်။ ဒါ့အပြင် ပြင်ဆင်မှု ပြုလုပ်ချိန်မှာလည်း ပြည်တွင်း ကလပ်တွေနဲ့ပဲ ခြေစမ်းခဲ့ရပြီး လက်ရွေးစင် အဆင့် အသင်းဆိုလို့ ကမ္ဘောဒီးယား တစ်သင်းပဲ ရှိခဲ့ပါတယ်။ ပြိုင်ပွဲ မှာတော့ ရလဒ်ကောင်း ရယူသွားမှာပါ"ဟု အဗရာမိုဗစ်ခ်ျက ဆိုသည်။

ထို့နောက် မီဒီယာများက မြန်မာအသင်းခေါင်းဆောင် ခင်မောင်လွင်အား လာအိုနှင့်ပွဲတွင် မည်သည့် ရလဒ် ထွက်ပေါ်ရန် မျှော်မှန်းထားကြောင်း မေးမြန်းခဲ့ရာ မြန်မာအသင်း ခေါင်းဆောင်က "ရလဒ်ကိုတော့ ကြိုပြီး မခန့်မှန်း ချင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဒီကိုလာတာ အပျော်ခရီးထွက်လာတာ မဟုတ်ဘူး ဆိုတာကိုတော့ သိထားစေချင်ပါတယ်။ အပြောထက် အလုပ်နဲ့ သက်သေပြဖို့ ကိုပဲ ကျွန်တော် ဆန္ဒရှိပါတယ်"ဟု ပြန်လည် ဖြေကြားခဲ့သည်။ ထို့အပြင် ခင်မောင်လွင်က အိမ်ကွင်းပွဲစဉ်များကို ထိုင်းနိုင်ငံတွင် လက်ခံရမည့် အတွက် ပြဿနာ မရှိကြောင်းလည်း ဆက်လက် ပြောကြားခဲ့သည်။

မြန်မာအသင်းသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် ဒုတိယ အဆင့်တွင် လာအို၊ လက်ဘနွန်၊ ကူဝိတ်၊ တောင်ကိုရီးယား စသည့် အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး ယင်းပွဲစဉ်များကို အုပ်စုပတ်လည် အိမ်ကွင်း အဝေးကွင်း နှစ်ကျော့ စနစ်ဖြင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ မြန်မာ အသင်းသည် အုပ်စု အဖွင့်ပွဲစဉ် အဖြစ် လာအို အသင်းနှင့် ယနေ့ညနေတွင် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ဇွန် ၁၆ တွင် တောင်ကိုရီးယား အသင်းကို ထိုင်းနိုင်ငံ၌ အိမ်ကွင်းအဖြစ် လက်ခံ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

(သတင်း+ဓါက်ပုံ MFF )

U Myo Thant

<< Back SEA Games News


Advertisement
Here