Article

အပြောင်းအလဲများနှင့် မန်ယူ

Sep 01 , 2015

ယနေ့စက်တင်ဘာတစ်ရက်နေ့သည် ဥရောပကလပ်များအတွက် အပြောင်းအရွေ့ပြုလုပ်နိုင်မည့် နောက်ဆုံးနေ့ဖြစ်ပြီး မြန်မာစံတော်ချိန် ယနေ့ည ၁၂း၃၀ တွင်အပြောင်းအရွေ့ကာလ ကုန်ဆုံးလိမ့်မည်ဖြစ်သည်။

ဥရောပမှကလပ်အသီးသီးသည် မိမိတို့ကလပ်အတွက် အကောင်းဆုံးဖြစ်ရန် ရည်မှန်းချက်များနှင့်အတူ ကစားသမားအရောင်းအ၀ယ်  ပြုလုပ်ခဲ့ကြပြီးအချို့ ကလပ်များအတွက် မိမိအလိုရှိရာကစားသမားကို ရရှိရေးအတွက် ယနေ့သည် နောက်ဆုံးအခွင့်အရေးဖြစ်သည်။

လွန်ခဲ့သောနှစ်ကနာမည်ကြီး နည်းပြရောက်လာမှုနှင့်အတူ ကစားသမားသစ်များကိုပေါင်ငွေ သန်းရာဂဏန်းသုံး၍ ထိပ်သီးကလပ်ဘ၀သို့ ပြန်ရောက်ရန်ကြိုးပမ်းခဲ့သည့် မန်ယူအသင်းမှာကံကောင်းစွာဖြင့်ပင် အဆင့် ၄ ရခဲ့သဖြင့်ချန်ပီယံလိဂ်သို့ ပြန်လည်ကစားခွင့်ရရှိ လာခဲ့သည်။

သို့သော်နည်းပြဗန်ဂေါလ်အနေနှင့် ယမန်နှစ်ကကစားသမားများထဲမှ စိတ်တိုင်းမကျသူများကိုပြန်လည် အပြောင်းအလဲလုပ်နေခဲ့ ပြန်ပြီဖြစ်သည်။

ဗြိတိသျှစံချိန်တင်ဈေးပေါင်သန်း ၆၀ နှင့်ခေါ်ခဲ့သောဒီမာရီယာကိုပေါင် ၄၅ သန်းဖြင့်ပြန်လည်ရောင်းထုတ်ခဲ့သကဲ့သို့ ရီးရဲလ်သို့အငှားချခဲ့သော မက္ကဆီကိုတိုက်စစ်မှုးဟာနန်ဒက်စ်ကို လေဗာကူဆင်ထံသို့ပေါင် ၁၂ သန်းဖြင့်အပြီးသတ်ထုတ်ရောင်း လိုက်ပြီဖြစ်သည်။

ထို့အတူဘယ်လ်ဂျီယံလူငယ်ကစားသမားဂျာနူဇက်ကို ဒေါ့မွန်ထံအငှားချခဲ့ပြီး ဒိန်းမတ်ဂိုးသမားလင်ဒီဂတ်ကိုလည်း ၀က်စ်ဘရွန်းထံသို့ထုတ်ရောင်း ခဲ့ပြီးဖြစ်သည်။ ၀က်စ်ဘရွန်းအသင်းမှာ မန်ယူမှဖလက်ချာ၊ အီဗန်းစ်တို့ကိုလည်းခေါ်ယူ ထားခဲ့သည့်အသင်းဖြစ်သည်။

ရီးရဲလ်သို့ပြောင်းမည်ဟု သတင်းကြီးနေသော စပိန်ဂိုးသမားဒီဂီရာ ကိစ္စမှာမူသောင်မတင်ရေမကျ အခြေအနေမျိုးတွင် ရှိနေပြီးယနေ့တွင် အပြောင်းအရွေ့ကိစ္စ မပြီးပြတ်ခဲ့ပါက ဒီဂီရာမှာမန်ယူတွင် အပယ်ခံသဘောမျိုးနှင့် နေရမည့်သဘောရှိနေပြီး လာမည့်ရာသီကုန်တွင်မူငွေကြေး တစ်ပြားမှမရပဲ အလွတ်ပြောင်းရွေ့ခွင့်ပေးလိုက် ရလိမ့်မည်ဖြစ်သည်။

မိုနာကိုမှ ၁၉ နှစ်သားမာရှယ်မှာ မန်ယူတွင်ဆေးစစ် ခံရန်ရောက်ရှိနေချိန်တွင် လွန်ခဲ့သော ရာသီကမျှော်လင့် တကြီးဖြင့် ခေါ်ခဲ့သော အာဂျင်တီးနား နောက်ခံလူရိုဂျိုမှာအသင်းမှ ထွက်ရမည့်အနေအထားမျိုး ရောက်နေရပြန်ပြီဖြစ်သည်။

ပေါင် ၁၆ သန်းဖြင့်ခေါ်ခဲ့ရသော ရိုဂျိုးမှာမန်ယူ၏ ရာသီကြိုခရီးစဉ်သို့ အချိန်မီပြန်မလာခဲ့မှုကြောင့်ပေါင် ၁၄၀၀၀၀  ဒဏ်ရိုက်ခံခဲ့ရပြီး ဗန်ဂေါလ်၏အမျက်ရှခြင်းကို ခံခဲ့ရသည့်အပြင်နောက်တန်း၌ ဘလိုင်းနှင့်စမောလင်းတို့က နေရာယူထားပြီဖြစ်၍ အရန်ခုံ၌နေမည်လား ပြောင်းမည်လားဆုံးဖြတ် ရမည့်သဘောဖြစ်သည်။

ကစားသမားများအထိုင်ကျအောင် လုပ်ဆောင်ရမည့်အစား လူစားလဲခြင်းထုတ်ရောင်းခြင်း စသည့်ကိစ္စများကိုသာ ဦးစားပေးနေမှုကြောင့် မန်ယူ၏ကစားပုံနှင့် ကစားကွက်မှာတည့်မရသေးပဲ မဖြစ်သင့်သည့်ရှုံးပွဲများကိုလည်း တွေ့ရဆဲဖြစ်သည်။

PSG သို့ပြောင်းသွားသည့် ဒီမာရီယာကဗန်ဂေါလ်အနေနှင့် သူ၏ဒသနအတိုင်းကြံစည်နေခြင်းကြောင့် ကစားသမားများအနေနှင့် အခက်အခဲများကြံကြရကြောင်း၊ မိမိအသင်းပြောင်းခဲ့ရသည်မှာလည်း ဗန်ဂေါလ်၏အာဏာဆန်ဆန် စကားလုံးများကြောင့်ဖြစ်ကြောင်း ဝေဖန်တုန့်ပြန်ခဲ့ပြီဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ယမန်နှစ်ကစားသမားများထဲမှ အချို့မပါဝင်တော့သော မန်ယူလက်သစ်အသင်း၏ခြေစွမ်းကို စောင့်ကြည့်ရဦးမည်ဖြစ်ပြီး ယမန်နှစ်ကနှင့်မတူတော့ပဲ ဥရောပပွဲများပါကစားရတော့မည်ဖြစ်၍ ဗန်ဂေါလ်မည်ကဲ့သို့ လျှောက်လှမ်းမည်ကို ....................။

U Myo Thant




<< Back Article


Advertisement
Here