AFC Champion News

အနိုင်ကစားရမည့် မြန်မာ ယူ-၁၉

Oct 06 , 2015

အာရှ ယူ-၁၉ ခြေစစ်ပွဲတွင်မြန်မာ ယူ-၁၉ အသင်းအနေဖြင့် အုပ်စုဒုတိယနေရာ၌ ရပ်တည်နေသော်လည်း နောက်တစ်ဆင့်တက်ရောက်လိုပါက အာရှဘောလုံးအဖွဲ့ချုပ်၏ စည်းမျဉ်းစည်းကမ်းများအရ နောက်ဆုံးပွဲစဉ်တွင်ဗီယက်နမ် အသင်းကိုအနိုင်ကစားရမည်ဖြစ်သည်။

လက်ရှိအုပ်စု (ဆ) အတွင်းဗီယက်နမ်က သုံးပွဲကစားရာတွင်သုံးပွဲနိုင်ရမှတ် ၉ မှတ်ဖြင့်အုပ်စုပထမ၊ မြန်မာအသင်းက သုံးပွဲကစားရာတွင်နှစ်ပွဲနိုင်၊ တစ်ပွဲသရေဖြင့်ရမှတ် ၇ မှတ်ရရှိကာအုပ်စုဒုတိယနေရာတွင် အသီးသီးရပ်တည်နေသော်လည်း အာရှဘောလုံးအဖွဲ့ချုပ်၏ စည်းမျဉ်းစည်းကမ်များအရ အကောင်းဆုံးအုပ်စုဒုတိယအသင်းကို ရွေးချယ်ဆုံးဖြတ်ရာတွင် အသင်းငါးသင်းပါဝင်သည့်အုပ်စုမှ အသင်းများအနေဖြင့် အုပ်စုအောက်ဆုံးအသင်းနှင့် တွေ့ဆုံမှုရလဒ်ကို ပယ်ဖျက်ခြင်းခံရမည် ဖြစ်သောကြောင့်မြန်မာအသင်းအနေဖြင့် ဘရူနိုင်းနှင့်ပွဲရလဒ်ကို ပယ်ဖျက်ထားပါကရမှတ် ၄ မှတ်သာရရှိသည့်သဘောဖြစ်သည်။

သို့ဖြစ်ရာဗီယက်နမ်နှင့်ပွဲ၌ သရေတစ်မှတ်ရရှိခဲ့လျှင်ပင် အကောင်းဆုံးအုပ်စုဒုတိယအနေဖြင့် တက်ရောက်ရန်အခွင့်အရေး မရှိပဲဗီယက်နမ်ကို အနိုင်ကစားမှသာနောက်ဆုံး ပွဲစဉ်တွင်အောင်မြင်နိုင်မည်ဖြစ်သည်။

ဗီယက်နမ်အသင်းနှင့်ပတ်သက်၍ ယူ-၁၉ အသင်းနည်းပြချုပ်ဂတ်ဆီဇီက "ဗီယက်နမ်ကကျွန်တော်တို့ထက် ပိုကောင်းတဲ့အသင်းလို့ ဟောင်ကောင်နည်းပြကပြောသွားတာကို လက်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗီယက်နမ်ဟာမြန်မာထက် Football Education ပိုင်းမှာသာနေတာကြောင့်ပါ။ ဒါပေမဲ့လည်းဘယ်လောက်ပဲ တောင့်တင်းတဲ့အသင်းဖြစ်ပါစေ ရှုံးပွဲနဲ့ကြုံတွေ့နိုင်ပါတယ်။ တီမောပွဲကလိုခြေစွမ်းစိတ်ဓာက်မျိုးတွေနဲ့ ကစားရင်ကျွန်တော်တို့ဗီယက်နမ်ကိုလည်း အနိုင်ရပါတယ်" ဟုပြောဆိုသွားခဲ့သည်။ (သတင်းဓါက်ပုံ MFF)

U Myo Thant




<< Back AFC Champion News


Advertisement
Here