ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေမှုများပြုလုပ်နေသည့် မြန်မာလက်ရွေးစင်ဘောလုံးအသင်း၏ ပဏာမလူစာရင်းမှ ဒဏ်ရာ ရကစားသမားများကို တစ်လအတွင်း ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာစေရန် လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း မြန်မာလက်ရွေးစင် အသင်း၏ ကြံ့ခိုင်ရေးနည်းပြသစ် မီရိုဆလပ်က ပြောသည်။
စင်ကာပူအသင်းနှင့် ခြေစမ်းပွဲ၊ လက်ဘနွန်အသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲကစားရန်အတွက် ရွေးချယ်ထားသော ပဏာမမြန်မာလက်ရွေးစင် အသင်း၏ လူစာရင်းတွင် ငြိမ်းချမ်းအောင်၊ ကြည်လင်း၊ ကျော်မင်းဦးနှင့် ဒေးဗစ်ထန်း စသည့်ကစားသမားများမှာ ဒဏ်ရာပြဿနာများရှိနေကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့၏ဒဏ်ရာအခြေအနေကိုစောင့်ကြည့်ကာ အပေါ့စားလေ့ကျင့်ခန်းသာ လုပ်ကိုင်စေကြောင်း သိရသည်။အသက် ၄၀ အရွယ်ရှိ ဂျာမနီနိုင်ငံသား မီရိုဆလပ်သည် ပြီးခဲ့သည့်လတွင် မြန်မာ လက်ရွေးစင်အသင်း၏ ကြံ့ခိုင်ရေးနည်းပြအဖြစ် ရောက်ရှိလာခဲ့သူဖြစ်ပြီး ယခင်က ဘာလင် ယူ-၁၆ နှင့် ယူ-၂၀ အသင်းတို့တွင် ကြံ့ခိုင်ရေးမှုးအဖြစ် လုပ်ကိုင်ခဲ့ဖူးသူတစ်ဦးလည်းဖြစ်သည်။
မြန်မာလက်ရွေးစင်အသင်းက ကစားသမားတချို့ ဒဏ်ရာရနေကြပါတယ်။လောလောဆယ်တော့ သူတို့ဒဏ်ရာကို စောင့်ကြည့်နေတုန်းပါပဲ။ အသင်းနဲ့ပူးပေါင်းလေ့ကျင့်မှုမလုပ်ဘဲ အပေါ့စားလေ့ကျင့်ခန်း လောက်ပဲလုပ်ခိုင်းထားပါတယ်။ဒီလိုပုံမှန်လေ့ကျင့်မှုများများလုပ်ပေးရင်းနဲ့ တစ်လ၊နှစ်လလောက်အတွင်း ကြံ့ခိုင်မှုပြန်ကောင်းအောင်လုပ်ဆောင်ပေးသွားပါ့မယ်ဟု ၎င်းကဆက်လက်ပြောသည်။
မြန်မာလက်ရွေးစင် ဘောလုံးအသင်းသည် ဖေဖော်ဝါရီ ၃ ရက်မှစတင်လေ့ကျင့်နေပြီး လက်ရှိတွင် တစ်ပတ်လျှင် တစ်ရက်နှုန်းဖြင့် လေ့ကျင့် မှုများပြုလုပ်နေကာ မတ် ၁၄ ရက်တွင် ထပ်မံစခန်းသွင်းလေ့ကျင့်သွားမည်ဖြစ်ကြောင်း သိရသည်။
U Myo Thant