AFC Cup News

ရန်ကုန်အသင်းသတင်းစာရှင်းလင်းပွဲပြုလုပ်

Feb 24 , 2016

၂၀၁၆ ရာသီ AFC Cup ပြိုင်ပွဲအုပ်စု အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဟောင်ကောင်ကလပ် တောင် တရုတ်အသင်းတို့၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက MFF ရုံး၌ကျင်းပသည်။

ရန်ကုန်အသင်းနှင့်တောင်တရုတ်အသင်းတို့သည် ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၄ နာရီတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး MRTV နှင့် For Sport ရုပ်သံလိုင်းတို့မှ တိုက်ရိုက်ပြသမည်ဖြစ်သည်။ မြန်မာကလပ်အသင်းတစ်သင်းဖြစ်သည့် ဧရာဝတီအသင်းသည်  အဝေးကွင်းပွဲစဉ်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး လက်ရှိချန်ပီယံ မလေးရှားကလပ် ဂျိုဟိုဒါရူးလ်အသင်းနှင့် မြန်မာစံတော်ချိန် ည ၇ နာရီ ၁၅ မိနစ်တွင် မလေးရှားနိုင်ငံ၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ရန်ကုန်အသင်းနည်းပြချုပ် မာဂျန်က ဘယ်ပြိုင်ပွဲပဲဖြစ်ဖြစ် အဖွင့်ပွဲစဉ်တိုင်းကခက်ခဲလေ့ရှိပါတယ်။ပွဲဦးထွက်မှာရလဒ်ကောင်းရဖို့ကြိုးစား သွား မှာပါ။ တောင်တရုတ်အသင်းဟာ အသင်းကောင်း တစ်သင်းဖြစ်ပြီး အရည်အသွေးမြင့် ကစားသမားတွေကိုပိုင်ဆိုင်ထားပါ တယ်။ဟောင်ကောင်လက်ရွေးစင်ကစားသမားတွေလည်းပါဝင်လာတာကြောင့် ခက်ခက်ခဲခဲကစားရမှာပါ။အဓိက ကတော့ အမှားမလုပ်မိ ဖို့ဖြစ်ပါတယ်။ကျွန်တော်တို့အသင်း ကျရောက်နေတဲ့အုပ်စုက အသင်းကောင်းတွေများတဲ့အတွက် နောက်တစ်ဆင့်တက်ဖို့ပွဲတိုင်းက အရေး ကြီးပါတယ်။ကျွန်တော်တို့ကတော့ ပထမအဆင့်အနေနဲ့  အုပ်စုအဆင့်ကို ကျော်လွန်နိုင်အောင် ကြိုးပမ်းသွားမှာပါဟု ပြောကြားခဲ့သည်။

ရန်ကုန်အသင်းခေါင်းဆောင်ခင်မောင်လွင်က ကျွန်တော်တို့အသင်းက AFC Cup ပြိုင်ပွဲကို လေးကြိမ်မြောက်ယှဉ်ပြိုင်တာဖြစ်တဲ့အတွက် အတွေ့အကြုံကောင်းတွေရှိပြီးပါပြီ။ခံစစ်မှာ အမာခံတွေမပါနိုင်လို့ လူငယ်ကစားသမားတွေပွဲထွက်လာမှာဖြစ်ပေမယ့် သူတို့က အတွေ့အကြုံ ရှိပြီးဖြစ်တာကြောင့် ပြဿနာမရှိပါဘူး။ပုံစံကောင်းပြသပြီး နိုင်ပွဲရယူနိုင်အောင် ကြိုးပမ်းသွားမှာပါဟု ပြောကြားခဲ့သည်။

ယနေ့ယှဉ်ပြိုင်မည့် ရန်ကုန်အသင်းတွင် ဇော်မင်းထွန်းနှင့်သန်းထက်အောင်တို့ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မည်မဟုတ် ဘဲ ကျော်မင်းဦးနှင့် ဂျပန်နောက်ခံလူ ယာမာရှီဟာတို့ ဒဏ်ရာပြဿနာများကြောင့် လွဲချော်ဖွယ်ရှိနေသည်။

တောင်တရုတ်အသင်းနည်းပြချုပ် ကတ်စမဲရိုး(ဘရာဇီး)က ကျွန်တော်တို့ကတော့ ဒီတစ်ပွဲတည်းအတွက်မဟုတ်ဘဲ ပြိုင်ပွဲတစ်ခုလုံး အတွက် ပြင်ဆင်နေတာပါ။ဟောင်ကောင်နဲ့ ရန်ကုန်ရာသီဥတုက တော်တော်လေးကွာခြားပေမယ့် ဒါကိုပြဿနာတစ်ခုလို့မသတ်မှတ်ပါဘူး။ ရာသီဥတုပြင်းတာက နှစ်သင်းစလုံးကြုံတွေ့ရမှာပါ။အသင်းမှာ ဟောင်ကောင်လက်ရွေးစင်သုံးဦး၊ နိုင်ငံခြားသားသုံးဦးပါဝင်လာပြီး  ကစားသမားတစ်ချို့ကတော့ ဒဏ်ရာကြောင့်လိုက်ပါလာခြင်းမရှိပါဘူး။ရန်ကုန်အသင်း ကစားပုံကိုတော့ သေချာလေ့လာထားပါတယ်။ လက်ရွေးစင်ကစားသမား အများအပြားပါသလို နိုင်ငံခြားသား ကစားသမားတွေကလည်း ကစားသမားကောင်းတွေပါ။ဒီပွဲမှာ အမှတ် ရအောင် ယှဉ်ပြိုင်သွားမှာပါဟု ပြောကြားခဲ့သည်။

ရန်ကုန်အသင်းနှင့်တောင်တရုတ်အသင်းတို့သည် AFC Cup ပြိုင်ပွဲတွင် ၂၀၁၄ ခုနှစ်က တွေ့ဆုံခဲ့ဖူးပြီး အုပ်စုအဆင့်တွင် ရန်ကုန်အသင်းက အိမ်ကွင်းမှာ နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရကာ ဒုတိယအကျော့အဝေးကွင်း၌ ငါးဂိုး-သုံးဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

U Myo Thant




<< Back AFC Cup News


Advertisement
Here