AFC Cup News

AFC ပွဲစဉ်များကိုတိုက်ရိုက်ထုတ်လွှင့်မည်

Feb 24 , 2016

ဖေဖော်ဝါရီ ၂၄ ရက်တွင် ကစားမည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် တောင်တရုတ်အသင်းတို့၏ AFC Cup ပွဲစဉ်ကို For Sport နှင့် MRTV တို့မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ပြည်တွင်းမှာယှဉ်ပြိုင်ကစားမယ့် AFC Cup ပွဲတွေကို ထုတ်လွှင့်ပြသနိုင်ရေးဆွေးနွေးမှုအောင်မြင်ခဲ့တဲ့အတွက် မြန်မာနေရှင်နယ် လိဂ် ပွဲစဉ်တွေနည်းတူ ထုတ်လွှင့်ပြသသွားတော့မှာပါ။အစောဆုံးပွဲအနေနဲ့ ရန်ကုန်ယူနိုက်တက်အသင်းနဲ့ တောင်တရုတ်အသင်းတို့ ယှဉ်ပြိုင် ကစားမည့်အုပ်စု(G)ပွဲစဉ်ကို ဦးစွာထုတ်လွှင့်ပြသသွားဖို့ဆောင်ရွက်နေပါပြီဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မီဒီယာတာဝန်ခံ ကိုဇော်မင်းထိုက်ကပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့သည် AFC ပွဲစဉ်များကို ဖေဖော်ဝါရီ ၂၄ ရက်တွင် တစ်ပြိုင်တည်း ယှဉ်ပြိုင်ကစားမည်ဖြစ်သော်လည်း  ဧရာဝတီယူနိုက်တက်အသင်းသည် မလေးရှားကလပ် ဂျိုဟိုးအသင်းနှင့် အဝေးကွင်းသွားရောက် ယှဉ်ပြိုင်ကစားရမည်ဖြစ်ခြင်းကြောင့် ပထမဆုံးအိမ်ကွင်းလက်ခံယှဉ်ပြိုင်ကစားမည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် တောင်တရုတ်အသင်း တို့ ပွဲစဉ်ကို For Sport နှင့် MRTV တို့မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

လောလောဆယ်တော့ ပြည်တွင်းမှာ ကစားတဲ့ပွဲတွေကို တိုက်ရိုက်ထုတ်လွှင့်ပြသနိုင်ရေးအတွက် ဆွေးနွေးအတည်ပြုခဲ့ကြတာပါ။ အဝေး ကွင်း ထွက်ကစားတဲ့ပွဲတွေကိုလည်း တိုက်ရိုက်ထုတ်လွှင့်ပြသနိုင်ရေး အတွက် သွားကစားတဲ့နိုင်ငံတွေရဲ့ မီဒီယာဌာနတွေနဲ့ ညှိုနှိုင်းဆွေနွေးသွားဖို့ ဆက်လက်လုပ်ဆောင်နေပါတယ်ဟု ၎င်းကပြောသည်။

ထို့ကြောင့် ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၄ နာရီတွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် တောင်တရုတ်အသင်းတို့၏  AFC Cup အုပ်စုအဖွင့် ပွဲစဉ်ကို ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။ ယင်းနေ့တွင် ဧရာဝတီယူနိုက်တက်အသင်းသည် မလေးရှားကလပ် ဂျိုဟိုး အသင်းနှင့် မလေးရှားနိုင်ငံ၌ မြန်မာစံတော်ချိန် ည ၇ နာရီ ၁၅ မိနစ်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

U Myo Thant




<< Back AFC Cup News


Advertisement
Here