AFC Cup News

ဆက်လက်ယှဉ်ပြိုင်ကြမည့် AFC Cup

Apr 25 , 2016

မြန်မာကလပ်အသင်းများဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့်  ၂၀၁၆ရာသီAFC Cup ပြိုင်ပွဲ အုပ်စုပွဲစဉ်(၅)ကိုဧပြီ၂၇ရက်တွင် ဆက်လက် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

အုပ်စုပွဲစဉ်များအဖြစ် ဧရာဝတီ(မြန်မာ)နှင့် ဂျိုဟိုဒါရူးလ်(မလေးရှား)အသင်းတို့မှ ညနေ၄နာရီတွင် သုဝဏ္ဏကွင်း၌လည်းကောင်း ၊တောင်တရုတ်(ဟောင်ကောင်)နှင့်ရန်ကုန်(မြန်မာ)အသင်းတို့မှာ မြန်မာစံတော်ချိန် ည၆နာရီခွဲတွင် ဟောင်ကောင်၌လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာကလပ်အသင်းများအနက် ရုန်ကုန်အသင်းမှာ နောက်တစ်ဆင့်တက်ရန်အခြေအနေကောင်းများရှိနေဆဲဖြစ်ပြီး ဧရာဝတီအသင်းမှာ အခြေအနေနည်းပါးလျက်ရှိသည်။ရန်ကုန်အသင်းပါဝင်သော အုပ်စု(G)တွင် မိုဟန်ဘေဂန်(အိန္ဒိယ)အသင်းက၁၀မှတ် ၊ရန်ကုန်အသင်းက ငါးမှတ်၊မာဇီယာ(မော်လ်ဒိုက်)အသင်းက လေးမှတ်၊တောင်တရုတ်(ဟောင်ကောင်)အသင်းက သုံးမှတ် တို့ရရှိထားသည်။

AFC Cupပြိုင်ပွဲတွင် နောက်ဆုံးသုံးပွဲဆက်တိုက်နိုင်ပွဲပျောက်ထားသော ရန်ကုန်အသင်းအနေဖြင့်ယခုကစားရမည့် တောင်တရုတ် အသင်းနှင့်ပွဲမှာ အရေးပါလာခဲ့ပြီး အဝေးကွင်းတွင် အနိုင်မရရင်တောင်မှ  ရှုံး၍မရသည့် အနေအထားမျိုးဖြစ်သည်။

ရန်ကုန်၊တောင်တရုတ်အသင်းတို့နှင့်အပြိုင် နောက်တစ်ဆင့်တက်ရေးမျှော်လင့်ချက်ရှိနေသည့် မာဇီယာအသင်းမှလည်းအုပ်စုထိပ်ဆုံးမှ မိုဟန်ဘေဂန်အသင်းနှင့်အိမ်ကွင်း၌ ကစားရမည်ဖြစ်ပြီး အနိုင်ရရှိရန်လိုအပ်နေသလို မိုဟန်ဘေဂန်အသင်းမှာ ယင်းပွဲတွင် အနိမ့်ဆုံး သရေတစ်မှတ်ရယူနိုင်ရုံဖြင့် နောက်တစ်ဆင့်တက်ရောက်ရန်သေချာသွားမည်ဖြစ်သည်။

ဧရာဝတီအသင်းပါဝင်သော အုပ်စု(H)တွင် လက်ရှိချန်ပီယံဂျိုဟိုဒါရူးလ်(မလေးရှား)အသင်းကလေးပွဲစလုံး အနိုင်ရရှိကာ ၁၂မှတ် ဖြင့် နောက်တစ်ဆင့် တက်ရောက်သွားပြီဖြစ်သည်။ဘင်ဂါလူရူး(အိန္ဒိယ)အသင်းက ခြောက်မှတ်၊ဧရာဝတီ(မြန်မာ)နှင့် လာအိုတိုယိုတာ(လာအို)အသင်းတို့က သုံးမှတ်စီရရှိထားသည်။

ဧရာဝတီအသင်းမှာ အဝေးကွင်းပွဲစဉ်များတွင် နိုင်ပွဲမရခြင်း ၊နောက်တစ်ဆင့်တက်ရေးတစ်နေရာအတွက် အဓိကပြိုင်ဘက်ဖြစ်သည့် ဘင်ဂါလူရူးအသင်းကိုနှစ်ကျော့စလုံးရှုံးနိမ်ခဲ့ခြင်းတို့ကြောင့် အခွင့်အရေးနည်းပါးလျက်ရှိသည်။

AFC Cupပြိုင်ပွဲတွင် နောက်တစ်ဆင့်တက်ရေးရမှတ်တူနေပါက နှစ်သင်းထိပ်တိုက်တွေ့ဆုံမှုစည်းမျဉ်းဖြင့် ဆုံးဖြတ်မည်ဖြစ်ရာ ဧရာဝတီ အသင်းအတွက် ဘင်ဂါလူရူးအသင်းကိုနှစ်ကျော့စလုံးရှုံးထားခဲ့ခြင်းဖြစ်မှာ အဓိကထိုးနှက်ချက်ဖြစ်သည်။

ပထမအကျော့တွင် ဧရာဝတီက ဂျိုဟိုဒါရူးလ်ကို ၈ဂိုး-၁ဂိုးဖြင့် ရှုံးထားပြီး ရန်ကုန်ကတောင်တရုတ်ကို ၂ဂိုး-၁ဂိုးဖြင့်အနိုင်ရထားသည်။

ဧရာဝတီအသင်းတွင် အမာခံကစားသမားများဖြစ်သည့် ကွင်းလယ်လူ မင်းမင်းသူနှင့်နောက်ခံလူဖြိုးကိုကိုသိန်းတို့ပွဲပယ်ခံထား ရပြီး နိုင်ငံခြားသားများအစုံအလင်ပါဝင်နိုင်မည်ဖြစ်သည်။အဝေးကွင်းပွဲစဉ်ယှဉ်ပြိုင်ရမည့် ရန်ကုန်အသင်းတွင် ဒဏ်ရာကြောင့် ကာလရှည်နားနေရသူများမှလွဲ၍ လူစုံပါဝင်နိုင်မည်ဖြစ်သည်။

U Myo Thant

<< Back AFC Cup News


Advertisement
Here