AFC Cup News

ဧရာဝတီအသင်းနှင့်ရန်ကုန်အသင်းတို့ ရှုံးပွဲကြုံ

Apr 28 , 2016

၂၀၁၆ ရာသီ AFC Cup ပြိုင်ပွဲအုပ်စုပွဲစဉ် (၅) အဖြစ် ဧရာဝတီအသင်းနှင့် ဂျိုဟိုဒါရူးလ်အသင်း၊ ရန်ကုန်အသင်းနှင့် တောင်တရုတ်အသင်းတို့ ယမန်နေ့ကယှဉ်ပြိုင်ရာ မြန်မာအသင်းများ ရှုံးပွဲထပ်မံကြုံတွေ့ခဲ့သည်။ ဧရာဝတီအသင်းနှင့် ဂျိုဟိုဒါရူးလ်(မလေးရှား)အသင်းတို့ ယမန်နေ့ ညနေ ၄နာရီတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရာ ဂျိုဟိုဒါရူးလ်အသင်းက ၂ဂိုး-၁ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။

ဧရာဝတီအသင်းမှာ နောက်တစ်ဆင့်တက်ရေး လက်ကျန်မျှော်လင့်ချက်အတွက် ကြိုးပမ်းခဲ့သော်လည်း အိမ်ကွင်းရှုံးပွဲထပ်မံကြုံတွေ့ခဲ့ရသည်။

လက်ရှိချန်ပီယံ မလေးရှားကလပ် ဂျိုဟိုဒါရူးလ်အသင်းမှာ ယခုပြိုင်ပွဲတွင်လည်း ပြိုင်ဘက်အသင်းများထက် ခြေစွမ်းပိုင်းသာလွန်နေပြီး ငါးပွဲဆက်နိုင်ပွဲ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဂျိုဟိုဒါရူးလ်အသင်းက ဧရာဝတီအသင်းကို နှစ်ကျော့စလုံး အနိုင်ယူခဲ့ခြင်းဖြစ်ပြီး ရမှတ် ၁၅ မှတ်ဖြင့် အုပ်စုပွဲစဉ်မကုန်ဆုံးမီ ပထမနေရာ ရယူနိုင်ခဲ့သည်။

ပထမပိုင်းပွဲချိန် ၁၅ မိနစ်နောက်ပိုင်းမှ ဧရာဝတီအသင်း တိုက်စစ်ဆင်ကစားလာနိုင်ခဲ့ပြီး ၂၆ မိနစ်တွင် သီဟဇော်က ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သည်။ ဧရာဝတီအသင်းမှာ ဂိုးရခဲ့သော်လည်း ဦးဆောင်ဂိုးကို မထိန်းနိုင်ခဲ့ဘဲ မိနစ် ၃၀ တွင် ချေပဂိုးပြန်ပေးခဲ့ရသည်။ ယင်းဂိုးကို ကွင်းလယ်လူ အမ်မီရူလ်က သွင်းယူခဲ့ခြင်းဖြစ်သည်။

ဟောင်ကောင်၌ ကျင်းပသည့် အုပ်စု(G)ပွဲစဉ်တွင် တောင်တရုတ်အသင်းက ရန်ကုန်အသင်းကို ၂ဂိုး-၁ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။ ရန်ကုန်အသင်းမှာ ယခု ရှုံးပွဲကြောင့် နောက်ဆုံးပွဲ၌ မာဇီယာအသင်းကို မဖြစ်မနေ အနိုင်ရရန်လိုသဖြင့် တောင်တရုတ်အသင်း၏ ရလဒ်ကိုလည်း စောင့်ကြည့်ရမည်ဖြစ်သည်။

ပထမပိုင်းပွဲချိန် ၂၃ မိနစ်တွင် ရန်ကုန်အသင်း ဂိုးစတင်ရရှိခဲ့ပြီး ထောင့်ကန်ဘောကို ယာမာရှီတာက ခေါင်းတိုက်သွင်းခဲ့သည်။ ဂိုးရပြီးနောက်ပိုင်းတွင် ရန်ကုန်အသင်းကို ထိန်းကစားနိုင်ခဲ့သော်လည်း ၃၉ မိနစ်တွင် ပယ်နယ်တီပေးခဲ့ရပြီး ရိုင်ယန်က တောင်တရုတ် အသင်းအတွက် ချေပဂိုး ပြန်သွင်းခဲ့သည်။ ဒုတိယပိုင်းပွဲချိန် ၆၈ မိနစ်တွင် ရန်ကုန်အသင်း တိုက်စစ်မှုး ကျော်ကိုကိုမှာ အငြင်းပွားဖွယ် ဒုတိယမြောက် အ၀ါထိကာ နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသည်။ တောင်တရုတ်အသင်းအတွက် အနိုင်ဂိုးကို ၈၄ မိနစ်တွင် မာဟာမာက သွင်းယူခဲ့သည်။

ယင်းအုပ်စုတွင် မိုဟန်ဘေဂန်(အိန္ဒိယ)က ၁၁မှတ်ဖြင့် အုပ်စု ပထမရသွားပြီး လက်ကျန်တစ်နေရာအတွက် တောင်တရုတ်အသင်း က ခြောက်မှတ်၊ ရန်ကုန်နှင့် မာဇီယာအသင်းတို့က ငါးမှတ်စီ ရရှိထားသည်။

U Myo Thant

<< Back AFC Cup News


Advertisement
Here