Article

မန်ယူနှင့် ပဲလေ့စ် တွေ့လေသော်

May 20 , 2016

မနက်ဖြန် စနေညမှာတော့ ၂၀၁၅-၁၆ရာသီ FAဖလား နောက်ဆုံး ဗိုလ်လုပွဲအဖြစ် မန်ယူနှင့် ခရစ္စတယ်ပဲလေ့စ်တို့ ကစားကြတော့မှာဖြစ်ပါတယ်။

FAဖလားဆိုတာ ကမ္ဘာပေါ်မှာ သက်တမ်းအရင့်ဆုံး ဖလားတစ်ခုဖြစ်ပြီး ၁၈၇၁ကတည်းက စကစားခဲ့ကြတဲ့ ဖလားပွဲတစ်ခုလည်း ဖြစ် ပါတယ်။

FA ဖလား ပြိုင်ပွဲရဲ့ ပထမဆုံးချန်ပီယံကတော့ ၀မ်းဒါးရားစ်အသင်းဖြစ်ပြီး မနှစ်က ၂၀၁၄-၁၅ ချန်ပီယံကတော့ အာဆင်နယ်ဖြစ်ပါတယ်။

ဒီFAဖလားပြိုင်ပွဲမှ အောင်မြင်မှုအများဆုံးရရှိထားသည့် အသင်းကတော့ အာဆင်နယ်ဖြစ်ပါတယ်။

ဗိုလ်လုပွဲကို အကြိမ်အများဆုံးတက်နိုင်ခဲ့တဲ့ အသင်းက အာဆင်နယ်နှင့် မန်ယူတို့ ဖြစ်ပြီး ၁၉ကြိမ်စီ ဗိုလ်လုပွဲရောက်ခဲ့ကြပါတယ်။

မှတ်တမ်းတွေအရ ဆက်တိုက်ဗိုလ်စွဲနိုင်တဲ့ အသင်းတွေထဲမှာ ၃ကြိမ်ဆက် ဗိုလ်စွဲတာ ၂သင်းရှိပြီး ၀မ်းဒါးရားစ်(၁၈၇၆၊ ၁၈၇၇၊ ၁၈၇၈)၊ ဘလက်ဘန်း(၁၈၈၄၊ ၁၈၈၅၊ ၁၈၈၆)တို့ ဖြစ်ကြပါတယ်။

ဒီနှစ်ရဲ့ ဗိုလ်လုပွဲအကြောင်း ပြောရမယ်ဆိုရင် ပြန်ပြီး သတိရစေမိတာကတော့ ၁၉၉၀ ဗိုလ်လုပွဲပါပဲ။

အဲဒီ ၁၉၉၀ဗိုလ်လုပွဲမှာတွေ့ခဲ့ကြတဲ့ ၂သင်းဟာ ဒီနှစ်တွေ့တဲ့ အသင်းတွေဖြစ်တဲ့ မန်ယူနှင့် ပဲလေ့စ်တို့ပဲ ဖြစ်ပါတယ်။

အဲဒီ ၁၉၉၀တုန်းက မန်ယူကို ဖာဂူဆန် ကိုင်တွယ်နေတဲ့ အချိန်ဖြစ်ပြီး ဘာဖလားမှ မရသေးလို့ ဖာဂူဆန်အတွက် အခက်တွေ့နေရတဲ့ ရာသီ လည်းဖြစ်ပါတယ်။

ဒီနှစ် ဗန်ဂေါလ် ကြုံနေရသလိုမျိုးပေါ့။

အဲဒီ ၁၉၉၀ ဆီမီးဖိုင်နယ်မှာ ပဲလေ့စ်ဟာ လီဗာပူးကို ၄း၃နဲ့ နိုင်ခဲ့ပြီး အဲဒီတုန်းက အနိုင်ဂိုးသွင်းခဲ့သူဟာ ဒီကနေ့ ပဲလေ့စ်နည်းပြဖြစ်နေတဲ့ ပါဂျူးပါပဲ။

မန်ယူကတော့ ဆီမီးမှာ အိုးလ်ဟမ်နဲ့ တွေ့ခဲ့ပြီး ပထမပွဲမှာ ၃ဂိုးစီသရေကျလို့ နောက်တစ်ပွဲထပ်ကစားခဲ့ရပြီး အဲဒီပွဲကျမှ၂း၁နဲ့ နိုင်ခဲ့သူပါ။

ဗိုလ်လုပွဲမှ မန်ယူနှင့်ပဲလေ့စ် ၀င်ဘလေမှတွေ့တော့ ၃ဂိုးစီသရေကျပြန်ပါတယ်၊ ဒါကြောင့် နောက်၅ရက်အကြာမှာ ၀င်ဘလေမှပဲ ပြန်ကန် ရပြန်ပြီး မန်ယူက မာတင်ရဲ့ဂိုးနဲ့ ၁၉၉၀ FAဖလားကို ရခဲ့သလို အဲဒီဖလားဟာ နည်းပြ ဖာဂူဆန်အတွက် အသက်ဆက်နိုင်ခဲ့တဲ့ ဖလားလို့ လည်း ခေါ်နိုင်ပါတယ်။

အကြောင်းကတော့ မန်ယူသာ ရှုံးခဲ့ရင် ဖာဂူဆန် အထုတ်ခံရနိုင်တဲ့အတွက်ကြောင့်ပါ။

ဒီနှစ်မှာလည်း နည်းပြ ဗန်ဂေါလ်ဟာ ဖိအားတွေရှိနေပြီး မနှစ်က ဘာဖလားမှမရခဲ့သလို ဒီနှစ်မှာလည်း ဒီဖလားပဲ မျှော်စရာရှိနေပါတယ်။

ဒီဖလားကို ဗန်ဂေါလ်ရခဲ့ရင် သူဟာ မန်ယူမှာ ဆက်ရှိနိုင်ဖို့ မျှော်လင့်ရပေမယ့် ရှုံးခဲ့ရင်တော့ ပြည်တော်ပြန်ရဖို့ များနေသူပါ။

ဒီနှစ် FAဖလားပွဲမှာ မန်ယူဟာ အသင်းကြီးတွေနဲ့ မတွေ့ခဲ့ပဲ ကွာတားမှာ ၀က်စ်ဟမ်းနဲ့ သရေကျလို့ ပြန်ကန်ခဲ့ရသေးပေမယ့် ပဲလေ့စ် ကတော့ ပွဲတိုင်းနိုင်ခဲ့သူပါ။

ဒါပေမယ့် ပဲလေ့စ်တွေ့တဲ့ အသင်းတွေထဲမှာလည်း ထိပ်ပိုင်းအသင်းဆိုလို့ စပါးပဲ ပါပါတယ်။

လောလောဆယ်မှာ ပဲလေ့စ်ဟာ ပရီးမီးယားအဆင့် ၁၅မှာရှိနေပြီး မန်ယူက အဆင့်၅မှာပါ။

ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့သလို စိတ်ပျက်နေတဲ့ မန်ယူပရိသတ်တွေကို ဒီဖလားနဲ့ ဗန်ဂေါလ်က နှစ်သိမ့်ပြနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။

မန်ယူဟာ ဒီဖလားကိုနောက်ဆုံးရထားခဲ့တာ ၂၀၀၄တုန်းကပါ။

ဒီပွဲမှာ မန်ယူဘက်က ဖယ်လာနီ ပွဲပယ်ကနေ ပြန်ပါလာနိုင်ပြီး သူဟာ ၀က်စ်ဟမ်းနဲ့ ကစားခဲ့ရတဲ့ ကွာတားဖိုင်နယ်ပြန်ကန်ပွဲနဲ့ အဲဗာတန်နဲ့ ကစားရတဲ့ ဆီမီးဖိုင်နယ် ပွဲတွေမှာဂိုးသွင်းနိုင်ခဲ့သူပါ။

ပဲလေ့စ်ဘက်မှာ လက်ဒလေကလွဲလို့ လူစုံပါလာနိုင်ပြီး မန်ယူလူဟောင်း ဇာဟာလည်း ပါလာပါလိမ့်မယ်။

မန်ယူနဲ့ ပဲလေ့စ်တို့ တွေ့ခဲ့ကြတဲ့ နောက်ဆုံး၅ပွဲမှာ မန်ယူက ၄ပွဲနိုင် ထားပြီး ၁ပွဲသရေကျထားပါတယ်။

အစဉ်အလာအရတော့ လက်ရှိမဖြစ်မနေနိုင်မှဖြစ်မယ့် အနေအထားအရကော တွက်ကြည့်ရင်တော့ ၂၀၁၆ FAဖလားဟာ မန်ယူဘက်ပါသွား ဖို့ များနေတယ်လို့ပဲ ဆိုချင်မိပါတယ်။

U Myo Thant




<< Back Article


Advertisement
Here