Euro 2016

ဖိုင်နယ်ကို ကိုင်တွယ်မယ့် ကလက်တန်ဘာ့ဂ်

Jul 09 , 2016

အင်္ဂလန်ပရီးမီးယားလိဂ်မှ ဒိုင်လူကြီး ကလက်တန်ဘာ့ဂ်မှာ တနင်္ဂနွေည ကစားမည့် ယူရို ၂၀၁၆ ဖိုင်နယ်ပွဲစဉ်တွင် ကွင်းလယ်ဒိုင်လူကြီးအဖြစ် တာဝန်ယူကိုင်တွယ်သွားမည်ဖြစ်သည်။

ယခင် အီတလီဒိုင်လူကြီးဟောင်းဖြစ်သူ ကော်လီနာ နောက်ပိုင်းတွင် ကလက်တန်ဘာ့ဂ်မှာ အဓိကပြိုင်ပွဲကြီးများတွင် တာဝန်ပေးခံလာရသည့် နာမည်ကြီး ဒိုင်လူကြီးတစ်ဦးဖြစ်သည်။

သူသည် ၂၀၁၂ တွင် ချဲလ်ဆီးမှ မီခေးလ်အပေါ် မသုံးသင့်သည် စကားလုံးသုံးခဲ့၍ဟုဆိုကာ ပရီးမီးယားပွဲစဉ်များ ကိုင်တွယ်ခွင့်မှ တစ်လပိတ်ပင်ခံထားရသေးသူဖြစ်သည်။

ယခု ၂၀၁၆တွင် ကျင်းပခဲ့သော FA ဖလားဖိုင်နယ်၊ ချန်ပီယံလိဂ်ဖိုင်နယ်များတွင် သူ ကိုင်တွယ်ခဲ့ရပြီး ယခုပွဲစဉ်မှာ ၂၀၁၆အတွင်း တတိယမြောက် ဖိုင်နယ်ပွဲစဉ်ကို တာဝန်ယူရခြင်းဖြစ်သည်။

၁၉၇၅ တွင် မွေးဖွားခဲ့သော ကလက်တန်ဘာ့ဂ်မှာ  ၁၉၉၉တွင် လက်ထောက်ဒိုင်တစ်ဦးဖြစ်လာခဲ့ပြီး ၂၀၀၀ပြည့်နှစ် တွင် အောက်တန်းအဆင့် ပွဲစဉ်ကို ကွင်းလယ်ဒိုင်လူကြီးအဖြစ် စတင်ကိုင်တွယ်ခဲ့ရကာ ၂၀၀၄ တွင် ပရီးမီးယားလိဂ် ကွင်းလယ်ဒိုင်ဖြစ်လာခဲ့သည်။

၂၀၀၈တွင် ချန်ပီယံလိဂ်ပွဲစဉ်များကို စတင်ကိုင်တွယ်ခွင့်ရခဲ့ပြီး ၂၀၁၂တွင် ဖိုင်နယ်ပွဲကို ပထမဆုံး ကိုင်တွယ်ခွင့်အဖြစ် အင်္ဂလန်လိဂ်ဖလား (ကက်ပီတယ်ဝမ်း) ဖိုင်နယ်ကို တာဝန်ယူခဲ့ရကာ နိုင်ငံတကာ ပွဲစဉ်များတွင် ယူရို ၂၀၀၈ ခြေစစ်ပွဲများတွင် စတင် တာဝန်ယူခွင့်ရခဲ့သူဖြစ်သည်။

U Myo Thant

<< Back Euro 2016


Advertisement
Here