Asian Cup News

ယူ-၁၉ဖိတ်ခေါ်ပွဲ သတင်းစာရှင်းလင်း

Aug 23 , 2016

မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌ ကျင်းပမည့် ယူ-၁၉ လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယမန်နေ့ နံနက် ၁၀နာရီတွင် မန္တလေးမြို့ရှိ နိုဗယ်မင်္ဂလာဟိုတယ်၌ ကျင်းပသည်။

"အခုပြိုင်ပွဲက ကိုယ့်ထက် အင်အားကြီးတဲ့ ဂျပန်ကလပ်၊ ထိုင်းနဲ့ ဗီယက်နမ်အသင်းကောင်းတွေ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲ က ရှေ့လမှာ ကစားမယ့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲအတွက် အထောက်အကူ ဖြစ်မယ်လို့ ထင်တယ်။ ဒီပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ"ဟု မြန်မာ့လက်ရွေးစင် ယူ-၁၉ နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပြောသည်။

"ဒီပြိုင်ပွဲဝင်ပြိုင်ရတဲ့အတွက် အသင်းကို အများကြီး တိုးတက်စေမှာပါ။ အာဆီယံ ယူ-၁၉နဲ့ အာရှ ယူ-၁၉ ပြိုင်ပွဲတွေအတွက် အထောက်အကူဖြစ်စေမှာပါ။ ဒီပြိုင်ပွဲကို ချန်ပီယံဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လာရောက်ယှဉ်ပြိုင်တာပါ " ဟု ထိုင်း ယူ-၁၉ နည်းပြချုပ် ချာလာဝတ်က ပြောသည်။

"ဒီပြိုင်ပွဲမှာ ကျွန်တော်တို့အသင်း နံပါတ်တစ်ဖြစ်ရမယ်။ ချန်ပီယံဆုဖလား ရယူသွားမှာပါ" ဟု ဆာပေါ်ရို ယူ-၁၈ နည်းပြချုပ် တာကူရာက ပြောသည်။

"ဂျပန်ကလပ်အသင်း၊ ထိုင်းအသင်းနဲ့ မြန်မာအသင်းတွေက တောင့်တင်းတဲ့ အသင်းကောင်းတွေပါ။ စက်တင်ဘာလမှာ ဗီယက်နမ်က အာဆီယံ ယူ-၁၉ချန်ပီယံရှစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ မှာပါ။ ဒါကြောင့် ဒီပွဲက အာဆီယံ ယူ-၁၉ ပြိုင်ပွဲအတွက်ရော အာရှ ယူ-၁၉ ပြိုင်ပွဲအတွက်ပါ ကြိုတင်ပြင်ဆင်ပြီးသားဖြစ်ပါတယ်" ဟု ဗီယက်နမ် ယူ-၁၉ နည်းပြချုပ် ဟောင်အန်ထန်က ပြောသည်။

အဆိုပါ သတင်းစားရှင်းလင်းပွဲ၌ KBZ Bank U-19 Cup 2016 ဘောလုံးပြိုင်ပွဲတွင် လူစားလဲလှယ်ခွင့်ကို ငါးဦးအထိ လဲလှယ် ခွင့်ပြုမည်ဖြစ်ကြောင်း၊ တတိယနေရာလုပွဲတွင် သာမန်ပွဲကစားချိန်ပြည့်သည် အထိ သရေကျပါက အချိန်ပိုကစားမည်မဟုတ်ဘဲ ပယ်နယ်တီ ကန်သွင်းစေမည်ဖြစ်ကြောင်း စသည့်ပြိုင်ပွဲနှင့် ပတ်သက်သော အချက်အလက်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

U Myo Thant




<< Back Asian Cup News


Advertisement
Here