Asian Cup News

KBZ Bank U-19 Cup ပထမနေ့ကျင်းပ

Aug 23 , 2016

KBZ Bank U-19 Cup 2016 ပြိုင်ပွဲ အုပ်စုပထမနေ့ ပွဲများကို ယမန်နေ့ညနေပိုင်းတွင် မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပ ရာ အိမ်ရှင်မြန်မာအသင်း ရှုံးနိမ့်ပြီး ဗီယက်နမ်နှင့် ဆာပေါ်ရိုအသင်း အနိုင် ရရှိခဲ့သည်။

အိမ်ရှင် မြန်မာ ယူ-၁၉ အသင်းသည်  ဂျပန် ဒုတိယတန်းကလပ် ဆာပေါ်ရိုအသင်းနှင့် စတင်ယှဉ်ပြိုင်ခဲ့ရာ ၄ဂိုး-၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ အာရှထိပ်သီး ဂျပန်နိုင်ငံမှ လူငယ်ကလပ်အသင်းနှင့် အာဆီယံနိုင်ငံ တစ်နိုင်ငံမှ လူငယ်လက်ရွေးစင်အသင်း ၏ ခြေစွမ်းကွာဟမှုကို တွေ့မြင်ခဲ့ရသည့် ပွဲဖြစ်သည်။

မြန်မာအသင်းမှာ ကြိုးစားကစားခဲ့ပြီး ပထမပိုင်းတွင် တစ်ဂိုးစီသရေထိ ကစားနိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ခြေစွမ်းပိုင်း ကွာဟသွားပြီး ဂိုးများပေးခဲ့ရခြင်း ဖြစ်သည်။

ဆာပေါ်ရို ယူ-၁၈ အသင်းမှာ ပွဲစကတည်းက တိုက်စစ်ဖွင့် ကစားခဲ့ပြီး ပိုဖိကစားနိုင်ခဲ့သော်လည်း မြန်မာအသင်းက အခွင့် အရေးများ ဖန်တီးနိုင်ခဲ့သည်။ နှစ်သင်းစလုံး ဂိုးသွင်းခွင့် အပြန်အလှန်ရခဲ့သော် လည်း မြန်မာအသင်းက ၂၇မိနစ်တွင် ဂိုးစတင် ရရှိခဲ့ပြီး  စအောင်ပြည့်ကိုက သွင်းယူခဲ့ခြင်း ဖြစ်သည်။ ဂိုးပေးလိုက်ရသောကြောင့် ဆာပေါ်ရိုအသင်း တိုက်စစ်ပိုမြှင့်လာပြီး ၃၉ မိနစ်တွင် ကိုဆိုနိုက  ထောင့် ကန်ဘောမှ တစ်ဆင့် ခေါင်းတိုက်ကာ ချေပဂိုးပြန်သွင်းခဲ့သည်။

ဒုတိယပိုင်းတွင် မြန်မာအသင်း ကစားအားကျသွားပြီး ဆာပေါ်ရိုအသင်းက တစ်ဖက်သတ်နီးပါး ဖိကစားနိုင်ခဲ့သည်။ ၄၇ မိနစ်တွင် ကာဝါနိုက ဆာပေါ်ရိုအသင်းအတွက် ဒုတိယဂိုး ထပ်သွင်းခဲ့ရာ ပွဲကို စိုးမိုး သွားနိုင်ခဲ့ခြင်း ဖြစ်သည်။ ဆာပေါ်ရို ယူ-၁၈ အသင်းအတွက် အနိုင်ဂိုးများကို ဖူဂျီမူရာက ၈၁၊ ၉၂ မိနစ်တို့တွင် ထပ်မံ သွင်းယူခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းမှာ ခြေစွမ်းမြင့်မာသည့်အသင်းနှင့် ကစားရသောကြောင့် ပွဲချိန်ကြာလာသည်နှင့်အမျှ ခြေစွမ်းပိုကွာခဲ့ခြင်း ဖြစ်သည်။

ညနေ ၃နာရီတွင် ကျင်းပသောပထမပွဲ၌ ဗီယက်နမ် ယူ-၁၉အသင်းက ထိုင်း ယူ-၁၉အသင်းကို ၁ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ထိုင်းအသင်းသည် ဗီယက်နမ်အသင်းကို ခြေစွမ်းအသာဖြင့် ကစားနိုင်ခဲ့သော်လည်း ဗီယက်နမ်အသင်းက ရရှိသည့်အခွင့် အရေးကို အသုံးချနိုင်ခဲ့သောကြောင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

အုပ်စု ဒုတိယနေ့ပွဲကို ဩဂုတ် ၂၄ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ညနေ ၃၂နာရီတွင် ဂျပန်ကလပ် ဆာပေါ်ရို ယူ-၁၈ အသင်းနှင့် ထိုင်း ယူ-၁၉ အသင်း၊ ညနေ ၆နာရီတွင် မြန်မာ ယူ-၁၉ အသင်း နှင့် ဗီယက်နမ် ယူ-၁၉ အသင်းတို့ ယှဉ်ပြိုင်ကစား မည် ဖြစ်သည်။

U Myo Thant




<< Back Asian Cup News


Advertisement
Here