Asian Cup News

မြန်မာနှင့် ဗီယက်နမ် ယနေ့ကစားမည်

Aug 24 , 2016

လေးနိုင်ငံ ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲ (KBZ Bank U-19 Cup 2016) အုပ်စု ဒုတိယနေ့ပွဲစဉ်များကို ဩဂုတ် ၂၄ရက် (ယနေ့) ညနေပိုင်းတွင် မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်း၌ ဆက်လက်ကျင်းပ မည်ဖြစ်ပြီး အိမ်ရှင်မြန်မာနှင့် ဗီယက်နမ်အသင်း တို့ ကစားရမည် ဖြစ်သည်။

အုပ်စု ဒုတိယနေ့အဖြစ် ညနေ ၃နာရီခွဲတွင် ဂျပန်ဒုတိယတန်းကလပ် ဆာပေါ်ရို ယူ-၁၈ အသင်းနှင့် ထိုင်း ယူ-၁၉ အသင်း၊ ညနေ ၆နာရီတွင် ဗီယက်နမ် ယူ-၁၉ အသင်းနှင့် မြန်မာ ယူ-၁၉ အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ ယခုပွဲမှာ ပြိုင်ပွဲဝင် အသင်းတိုင်းအတွက် အရေးပါလျက်ရှိပြီး ဗိုလ်လုပွဲတက်ရေး အဖြေထွက်သည့် ပွဲများလည်း ပါဝင်လာနိုင်ဖွယ်ရှိသည်။ ပထမနေ့ တွင် အနိုင်ရရှိသည့် ဆာပေါ်ရိုအသင်းနှင့် ဗီယက်နမ်အသင်းတို့မှာ ယခုပွဲတွင် နိုင်ပွဲထပ်မံရရှိခဲ့ပါက ဗိုလ်လုပွဲတက်ရောက် ရန် သေချာသလောက်ရှိသွားမည်ဖြစ်ပြီး ရှုံးပွဲကြုံတွေ့ထားသည့် မြန်မာနှင့် ထိုင်းအသင်းတို့မှာလည်း လက်ကျန်မျှော်လင့်ချက် အတွက် အမှားလုပ်၍ မရတော့ပေ။

မြန်မာ ယူ-၁၉ အသင်းသည် ပထမနေ့တွင် ကြိုးစားကစားခဲ့သော်လည်း ဂျပန်ကလပ်အသင်းနှင့် ခြေစွမ်းပိုင်းကွာဟမှုကြောင့် ၄ဂိုး-၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် အာဆီယံ ယူ-၁၉ ပြိုင်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ယခုပြိုင်ပွဲကို ကျင်းပခြင်းဖြစ်သောကြောင့် ယနေ့ ယှဉ်ပြိုင်မည့် ဗီယက်နမ်နှင့် ပွဲတွင် ပွဲထွက်လူစာရင်းကို အပြောင်း အလဲပြုလုပ်သွားဖွယ်ရှိကြောင်း သိရသည်။ မြန်မာ ယူ-၁၉ အသင်းသည် ပြိုင်ပွဲတွင် အောင်မြင်မှုရရှိရန်ထက် ကစားသမားများ ၏ ခြေစွမ်းနှင့် ကစားကွက်ကို စမ်းသပ်သွားမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် ယနေ့တွင် အာဆီယံ ဒေသတွင်း ပြိုင်ဘက် ဗီယက်နမ်အသင်းနှင့် တွေ့ဆုံနေပြီး ရလဒ်ကောင်း ရယူနိုင်ခြင်း ရှိ၊ မရှိစောင့်ကြည့်ရမည်ဖြစ်သည်။

U Myo Thant

<< Back Asian Cup News


Advertisement
Here