Asian Cup News

မြန်မာနှင့် ဗီယက်နမ်သရေကျ

Aug 25 , 2016

လေးနိုင်ငံ ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲ(KBZ Bank U-19 Cup 2016) အုပ်စု ဒုတိယနေ့ကို ယမန်နေ့ ညနေပိုင်းတွင် မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်း၌ ကျင်းပရာ မြန်မာနှင့် ဗီယက်နမ် သရေကျပြီး ထိုင်းအသင်း နိုင်ပွဲရရှိခဲ့သည်။

အိမ်ရှင် မြန်မာ  ယူ-၁၉ အသင်းနှင့် ဗီယက်နမ် ယူ-၁၉ အသင်းတို့တွင် ပယ်နယ်တီသွင်းဂိုးများဖြင့် တစ်ဂိုးစီသရေကျခဲ့သည်။ အိမ်ရှင်မြန်မာအသင်းသည် ယခုပွဲတွင် ဗီယက်နမ်အသင်းထံမှ သရေတစ်မှတ် ရယူနိုင်ခဲ့သောကြောင့် ဗိုလ်လုပွဲ တက်ရေး မျှော်လင့်ချက်အဆုံးမသတ်သေးဘဲ နောက်ဆုံးပွဲအထိ မျှော်လင့်နိုင်မည် ဖြစ်သည်။ မြန်မာအသင်းသည် ဗိုလ်လုပွဲ တက်နိုင်ရန် ထိုင်းအသင်းကို အနိုင်ရရန် လိုအပ်သလို ဗီယက်နမ်-ဆာပေါ်ရို ပွဲရလဒ်ကိုလည်း စောင့်ကြည့်ရမည် ဖြစ်သည်။

မြန်မာအသင်းမှာ ပွဲအစတွင် ကစားကွက် တည်မရဖြစ်နေပြီး၊ ဗီယက်နမ်အသင်း၏ ဖိအားပေးခြင်းကို ခံခဲ့ရသည်။ ၂၂ မိနစ်တွင် ဗီယက်နမ် ဦးဆောင်ဂိုးရခဲ့ပြီး ပယ်နယ်တီမှတစ်ဆင့် ဟူယောင်တန်က သွင်းယူခဲ့သည်။

ဒုတိယပိုင်းတွင် နှစ်သင်းစလုံးအပြောင်းအလဲလုပ်ခဲ့ပြီး  မြန်မာအသင်းမှာ မိနစ် ၇၀ နောက်ပိုင်းမှ ကစားပုံပြန်ကောင်းလာပြီး ဗီယက်နမ်ဘက်ကို ဖိအားပေးနိုင်ခဲ့သည်။ ၈၂ မိနစ်တွင် မြန်မာအသင်း ပယ်နယ်တီကန်ခွင့်ရခဲ့ပြီး အသင်းခေါင်းဆောင် ရွှေကို က အမှားအယွင်းမရှိ သွင်းယူခဲ့သောကြောင့် ချေပဂိုး ရရှိခဲ့ခြင်းဖြစ်သည်။

ညနေ ၃နာရီက ကျင်းပသည့် ပထမပွဲတွင် ထိုင်း ယူ-၁၉ အသင်းက ဂျာပန် ဒုတိယတန်းကလပ် ဆာပေါ်ရို ယူ-၁၈ အသင်းကို ၃ဂိုး-၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အုပ်စု နှစ်ပွဲစီ ကစားအပြီးတွင် ဗီယက်နမ် ယူ-၁၉အသင်းက လေးမှတ်၊ ဆာပေါ်ရို ယူ-၁၈ အသင်းနှင့် ထိုင်း ယူ-၁၉ အသင်းတို့ က သုံးမှတ်စီ၊ အိမ်ရှင်မြန်မာအသင်းက တစ်မှတ်တို့ ရရှိထားသည်။

အုပ်စု နောက်ဆုံးပွဲကို ဩဂုတ် ၂၆ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ညနေ ၃နာရီတွင် ဗီယက်နမ် ယူ-၁၉ အသင်းနှင့် ဆာပေါ်ရို ယူ-၁၈ အသင်း၊ ညနေ ၆နာရီတွင် မြန်မာ ယူ-၁၉ အသင်းနှင့် ထိုင်း ယူ-၁၉ အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

U Myo Thant




<< Back Asian Cup News


Advertisement
Here