Asian Cup News

မြန်မာယူ-၁၉ အသင်း လေ့ကျင့်ပြင်ဆင်

Sep 01 , 2016

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပမည့် ၂၀၁၆ အာဆီယံ ယူ-၁၉ ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်မည့်  မြန်မာ ယူ-၁၉ အသင်း သည် လေ့ကျင့်ပြင်ဆင်လျက် ရှိသည်။

မြန်မာ ယူ-၁၉ အသင်းသည် အဆိုပါ ပြိုင်ပွဲယှဉ်ပြိုင်ရန်အတွက် လက်ရှိတွင် ပဏာမ ကစားသမား ၂၅ဦးဖြင့် လေ့ကျင့်ပြင်ဆင် လျက်ရှိပြီး စက်တင်ဘာ ပထမပတ်တွင် အပြီးသတ် ၂၃ဦး ရွေးချယ်မည် ဖြစ် သည်။ မြန်မာ ယူ-၁၉ အသင်းသည် အာဆီယံ ယူ-၁၉ ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့်အနေဖြင့် ဩဂုတ် ၂၂ရက်မှ ၂၈ရက်အထိ မန္တလေးမြို့တွင် လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပခဲ့ပြီး ထိုင်း ယူ-၁၉၊ ဗီယက်နမ် ယူ-၁၉၊ ဂျပန် ဒုတိယတန်းကလပ် ဆာပေါ်ရို ယူ-၁၈ အသင်းတို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။

မြန်မာ ယူ-၁၉ အသင်းသည် ပြိုင်ပွဲတွင် အောင်မြင်မှု ရယူနိုင်ခဲ့ခြင်း မရှိသော်လည်း အတွေ့အကြုံကောင်းများ ရယူနိုင် ခဲ့ပြီး ခြေစွမ်းပိုင်းအရ တစ်ပွဲထက်တစ်ပွဲပိုကောင်းလာခဲ့သည်။

လက်ရှိ ဖွဲ့စည်းထားသည့် မြန်မာ ယူ-၁၉ အသင်းတွင် ၂၀၁၅ ခုနှစ်က ဖွဲ့စည်းခဲ့သည့် ယူ-၁၉ အသင်းမှ ကစားသမားအများစု ပါဝင်လာသော်လည်း တစ်နှစ်နီးပါး နိုင်ငံတကာပွဲ မကစားခဲ့ရခြင်း၊ အချို့မှာ ပထမဆုံး နိုင်ငံတကာပွဲ ကစားရခြင်းတို့ကြောင့် ပြိုင်ပွဲအစတွင် ရုန်းကန်ခဲ့ရပြီး တစ်ပွဲထက်တစ်ပွဲ ပိုကောင်းအောင်ကစားနိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းယှဉ်ပြိုင်မည့် အာဆီယံ ယူ-၁၉ ပြိုင်ပွဲကို စက်တင်ဘာ ၁၁ရက်မှ ၂၄ရက်အထိ ကျင်းပမည်ဖြစ်ပြီး၊ မြန်မာ အသင်းသည် အုပ်စု (ခ)တွင် လက်ရှိချန်ပီယံ ထိုင်း၊ ဩစတြေးလျ၊ လာအို၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားတို့နှင့် ကျရောက်နေ သည်။

အုပ်စု (က)တွင် ဗီယက်နမ်၊ မလေးရှား၊ တီမော၊ စင်ကာပူနှင့် ဖိလစ်ပိုင်တို့ ပါဝင်လျက်ရှိသည်။ မြန်မာအသင်းသည် အုပ်စုပွဲစဉ် များအဖြစ် စက်တင်ဘာ ၁၂ရက်တွင် အင်ဒိုနီးရှား၊ စက်တင်ဘာ ၁၄ရက်တွင် ဩစတြေးလျ၊ စက်တင်ဘာ ၁၈ရက်တွင် ကမ္ဘောဒီးယား၊ စက်တင်ဘာ ၂၀ရက်တွင်  လက်ရှိချန်ပီယံ ထိုင်းအသင်းတို့နှင့် ကစားရမည် ဖြစ်သည်။

မြန်မာအသင်းသည် အုပ်စုပွဲ ငါးပွဲကို တစ်ရက်ခြား ကစားရမည်ဖြစ်သောကြောင့် ပွဲပန်းနိုင်ပြီး ဆီမီးဖိုင်နယ်အထိရောက်ရန် ခက်ခက်ခဲခဲ ကြိုးပမ်းရဖွယ် ရှိနေသည်။

U Myo Thant




<< Back Asian Cup News


Advertisement
Here