Asian Cup News

မြန်မာနှင့် လာအို သရေကျ

Sep 17 , 2016

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပလျက်ရှိသည့် ၂၀၁၆ အာဆီယံ ယူ-၁၉ ဘောလုံးပြိုင်ပွဲ အုပ်စု  (ခ) တတိယနေ့ကို ယမန်နေ့ ညနေပိုင်းတွင် ဆက်လက်ကျင်းပရာ မြန်မာအသင်းနှင့် လာအိုအသင်းတို့ လေးဂိုးစီ သရေကျသွားသည်။

မြန်မာအသင်းသည် ယခုပွဲ သရေရလဒ်ကြောင့် ဩစတြေးလျ၊ ထိုင်းအသင်းတို့နှင့် ငါးမှတ်ကွာဟသွားခဲ့ပြီး လက်ကျန် နှစ်ပွဲ ကစားရန် ကျန်သေးသော်လည်း ဆီမီးဖိုင်နယ် တက်ရောက်ရန် ရုန်းကန်ရတော့ မည် ဖြစ်သည်။

ပွဲအစ ၇ မိနစ်တွင် မာတီးက လာအိုအတွက် ဦးဆောင်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့သည်။ မိနစ် ၂၀တွင် မြန်မာအသင်း ချေပ ဂိုး ပြန်ရခဲ့ပြီး ရွှေကိုက ပယ်နယ်တီ ဧရိယာထောင့်မှ လှလှပပကန်သွင်းခဲ့ခြင်း ဖြစ်သည်။

ဂိုးရပြီးနောက်ပိုင်းတွင် မြန်မာအသင်းပွဲကို စိုးမိုးသွားပြီး ၂၂၊ ၄၅ မိနစ်တွင် အောင်ကောင်းမာန်၊ ၂၈ မိနစ်တွင် ရွှေကိုတို့က ဂိုးများ ထပ်မံသွင်းယူခဲ့သောကြောင့် ပထမပိုင်းအပြီးတွင် ၄ဂိုး-၁ဂိုးဖြင့် အနိုင်ရ နေသည်။

ဒုတိယပိုင်းအစတွင် လာအိုအသင်းက  တိုက်စစ်မြှင့် ကစားလာပြီး ၅၃၊ ၅၆ မိနစ်တွင် မာတီးက ချေပဂိုးနှစ်ဂိုး ဆက်ပြန် သွင်းခဲ့သည်။ ဂိုးများ ဆက်တိုက်ပေးခဲ့ရသောကြောင့် မြန်မာအသင်း စိုးရိမ်စိတ်များသွားသလို ၇၃ မိနစ်တွင် မြင့်ထွန်းနိုင် နှစ်ဝါ၊ တစ်နီဖြင့် အထုတ်ခံခဲ့ရ၍ ခက်ခက်ခဲခဲကစားခဲ့ရသည်။ လာအိုအသင်းအတွက် စတုတ္ထဂိုးကို ပွဲပြီးခါနီးတွင် ဆွန်သာနာလေက သွင်းယူခဲ့သည်။

အုပ်စု (ခ) အခြားပွဲတွင် လက်ရှိချန်ပီယံ  ထိုင်းအသင်းက ကမ္ဘောဒီးယားအသင်းကို ၂ဂိုး-၁ဂိုး၊ ဩစတြေးလျအသင်းက အင်ဒိုနီးရှားအသင်းကို ၃ဂိုး-၁ဂိုးဖြင့် အနိုင်ရကာ သုံးပွဲဆက် အနိုင်ရခဲ့သည်။ ယခုပွဲ အပြီးတွင် အုပ်စု (ခ)၌ သုံးပွဲစီကစားအပြီး တွင် ဩစတြေးလျနှင့် ထိုင်းက ကိုးမှတ်စီ၊ မြန်မာအသင်းက လေးမှတ်၊ ကမ္ဘောဒီးယားက သုံးမှတ်၊ လာအိုက တစ်မှတ်၊ အင်ဒိုနီးရှားက အမှတ်မရသေးပေ။ နှစ်ပွဲစီ ကစားရန်ကျန်ရှိနေပြီး လာအိုနှင့် အင်ဒိုနီးရှားအသင်းမှာ အုပ်စုအဆင့်မှထွက် ရန် သေချာသွားပြီ ဖြစ်သည်။

U Myo Thant




<< Back Asian Cup News


Advertisement
Here