Asian Cup News

မြန်မာယူ-၂၂ဗီယက်နမ်ဖိတ်ခေါ်ပွဲပြိုင်မည်

Sep 24 , 2016

(၂၉) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် မကြာမီဖွဲ့စည်းတော့မည့် မြန်မာ  ယူ-၂၂ အသင်းသည် ပထမဆုံး နိုင်ငံတကာပြိုင်ပွဲ အဖြစ် ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ယင်းပြိုင်ပွဲမှာ ၂၀၀၇ ခုနှစ်မှစ၍ နှစ်စဉ် ကျင်းပနေသည့် ပြိုင်ပွဲဖြစ်ပြီး မြန်မာအသင်းမှာလည်း နှစ်စဉ်နီးပါး ၀င်ရောက်ယှဉ်ပြိုင်လျက် ရှိသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၂၂ အသင်း လေ့ကျင့်ပြင်ဆင်ချိန် ပိုမိုရရှိစေရန်အတွက် အောက်တိုဘာလ ဒုတိယပတ်တွင် စတင်လေ့ကျင့်ရန် စီစဉ်ထားပြီး ကစားသမား ၃၀ ကျော်ဖြင့် စတင်ဖွဲ့စည်းမည် ဖြစ်သည်။ ယင်းအသင်းကို ဦးကြည်လွင်အား ဆက်လက်တာဝန်ပေးအပ်မည်ဖြစ်ပြီး၊ (၂၈) ကြိမ်မြောက် ဆီးဂိမ်းတွင် ငွေတံဆိပ်ဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သောကြောင့် ဆက်လက်တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းကို ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့်  မြန်မာ ယူ-၂၀ အသင်းမှာ ကစားသမားများကို အမာခံထားကာ ဖွဲ့စည်းမည်ဖြစ်ပြီး ဆီးဂိမ်း ငွေဆုရ ယူ-၂၃  အသင်းမှ အသက်မီသည့် ကစားသမားများလည်း ပြန်လည်ပါဝင်လာမည် ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်း ပြိုင်ပွဲ အတွေ့အကြုံရရှိစေရန်နှင့် ကစားသမားများ၏ အရည်အချင်း ပိုမျိုတိုးတက်စေရန် နိုဝင်ဘာ ၉ရက်မှ ၁၇ ရက်အထိ ကျင်းပမည့် ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ သို့သော် မြန်မာ ယူ-၂၂ အသင်းသည် ယင်းပြိုင်ပွဲကို ကစားသမားအစုံအလင်ဖြင့် ယှဉ်ပြိုင်နိုင်မည့် မဟုတ်ဘဲ မြန်မာ့လက်ရွေးစင်အသင်း၌ ရွေးချယ်ခံထားရသည့် ကစားသမားများ ပါဝင်မည့်မဟုတ်ပေ။

မြန်မာ ယူ-၂၂ အသင်းသည် ၂၀၁၇ ခုနှစ်အတွင်း၌ ပြင်ဆင်မှုများစွာ ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံတကာခြေစမ်းပွဲများ ကစားမည့် အပြင် ပြည်ပခြေစမ်းခရီးစဉ်များလည်း သွားရောက်မည်ဖြစ်သည်။ ထို့ပြင် KBZ Bank ၏ ပံ့ပိုးမှုဖြင့် ကျင်းပမည့် ယူ-၂၂ ဖိတ်ခေါ် ပြိုင်ပွဲကိုလည်း ဆီးဂိမ်းပြိုင်ပွဲ မတိုင်မီ ကျင်းပမည် ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းကို အရည်အချင်းပြည့်ဝသည့် နည်းပြ၊ ကစားသမားကောင်းများဖြင့် ဖွဲ့စည်းမည်ဖြစ်ရာ (၂၉) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် အောင်မြင်မှုရရှိရန် မျှော်မှန်းလျက် ရှိသည်။

U Myo Thant

<< Back Asian Cup News


Advertisement
Here