Asian Cup News

ရက်ပြောင်းရွှေ့သော ဖိတ်ခေါ်ပြိုင်ပွဲ

Oct 06 , 2016

ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်က ဦးစီးကျင်းပမည့် Youth Newpaper Cup 2016 အသက် ၂၁ နှစ်အောက် ဖိတ်ခေါ်ဘောလုံး ပြိုင်ပွဲကို နိုဝင်ဘာလတွင် ကျင်းပရန်စီစဉ်ခဲ့သော်လည်း လက်ရှိတွင် ဒီဇင်ဘာလသို့ ပြောင်းရွှေ့ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံ ဂယ်လိုင်မြို့၌ ကျင်းပမည့် အဆိုပါပြိုင်ပွဲကို နိုဝင်ဘာ ၉ရက်မှ ၁၇ရက်အထိ  ကျင်းပရန်စီစဉ်ထားသော်လည်း ယခုအခါ ဒီဇင်ဘာ ၂၁ရက်မှ ၃၀ရက်အထိ  ပြောင်းရွှေ့ကျင်းပမည်ဖြစ် ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်၏ ဖိတ်ကြားမှုဖြင့် အဆိုပါ ပြိုင်ပွဲတွင် အသက် ၂၁ နှစ်အောက် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို ၀င်ရောက်ယှဉ်ပြိုင်စေမည်ဖြစ် ကြောင်း သိရသည်။

ယင်းပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် အသင်းကို ၂၀၁၇ မလေးရှား ဆီးဂိမ်းပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် အသင်းအတွက် စတင်ဖွဲ့စည်းခဲ့ပြီး ဆီးဂိမ်းအကြိုပြင်ဆင်မှုအဖြစ် ယှဉ်ပြိုင်မည် ဖြစ်သည်။ ဆီးဂိမ်းပဏာမအသင်းအဖြစ် ဖွဲ့စည်းရန် ရည်ရွယ် ထားပြီး ပြီးခဲ့သည့် ယူ-၂၀ ကမ္ဘာ့ဖလား ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာ ယူ-၂၀ အသင်းကို အခြေခံဖွဲ့စည်းသွား မည်ဖြစ်သည်။ ထို့ပြင် နည်းပြချုပ် တာဝန်ကို ဦးကြည်လွင်အား ခန့်အပ်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် အသင်းကို အောက်တိုဘာ ၁၀ရက်တွင် ဖွဲ့စည်းရန် စီစဉ်ထားသော်လည်း ပြိုင်ပွဲရက် ပြောင်းရွှေ့ခဲ့သောကြောင့် နည်းပြချုပ် ဦးကြည်လွင် ဥရောပခရီးစဉ်က ပြန်လည်ရောက် ရှိမှသာ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

U Myo Thant




<< Back Asian Cup News


Advertisement
Here