MNL News

၂၀၁၇ အမျိုးသမီးအုပ်စုပွဲစဉ်များထွက်ပေါ်

Jan 10 , 2017

မြန်မာ့လက်ရွေးစင်အသင်း ၀င်ရောက်ယှဉ်ပြိုင်မည့် တရုတ်ဘောလုံးအဖွဲ့ချုပ်က ကြီးမှုးကျင်းပမည့် ၂၀၁၇ တရုတ်ဖိတ်ခေါ်အမျိုး သမီးဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များထွက်ပေါ်လာပြီ ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲကို အုပ်စုပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး အမှတ်အများဆုံးရရှိသည့်အသင်းမှာ ချန်ပီယံဆုရရှိမည် ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် မြန်မာ၊ တရုတ်၊ ထိုင်းနှင့် ယူကရိန်းအသင်းတို့ ပါဝင်ယှဉ် ပြိုင်မည်ဖြစ်ပြီး ဇန်န၀ါရီ ၁၉ ရက်မှ ၂၄ ရက်အထိ ကျင်းပမည် ဖြစ်သည်။

အုပ်စုပွဲစဉ်ရေးဆွဲထားမှုအရ ဇန်န၀ါရီ ၁၉ရက်တွင် မြန်မာနှင့် ယူကရိန်း၊ တရုတ်နှင့် ထိုင်း၊ ဇန်န၀ါရီ ၂၁ရက်တွင် မြန်မာနှင့် တရုတ်၊ ထိုင်းနှင့် ယူကရိန်း၊ ဇန်န၀ါရီ ၂၄ရက်တွင် မြန်မာနှင့် ထိုင်း၊ တရုတ်နှင့် ယူကရိန်းအသင်းတို့ ယှဉ်ပြိုင်ကစား မည် ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်နေသည့်အနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး တရုတ်၊ ယူကရိန်းစသည့် လက်ရွေးစင် အမျိုးသမီးအသင်းများနှင့် ယှဉ်ပြိုင်ကစားခွင့်ရ မည်ဖြစ်သောကြောင့် အတွေ့အကြုံကောင်းများ ရရှိမည် ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် ၂၀၁၇ ခုနှစ်တွင် ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် ဇန်န၀ါရီ ၉ရက်မှစ၍ ပြန် လည်လေ့ကျင့်လျက်ရှိပြီး ကစားသမား ၃၀ ဦးရွေးချယ်ထားသည်။

မြန်မာအမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် နယ်သာလန်နိုင်ငံသား ရော်ဂျာရိုင်နာက ကိုင်တွယ်လျက်ရှိပြီး နှစ်သစ်ကူး အားလပ်ရက်အနားပေးခဲ့ရာမှ ယမန်နေ့ ပြန်လည်လေ့ကျင့်ခြင်း ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် ယခုနှစ်တွင် နိုင်ငံတကာပြိုင်ပွဲ လေးခုယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပထမဆုံးပြိုင်ပွဲအဖြစ် တရုတ်ဖိတ်ခေါ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

ယင်းပြိုင်ပွဲအပြီးတွင် အာရှဖလားခြေစစ်ပွဲ၊ အာဆီယံအမျိုးသမီးပြိုင်ပွဲနှင့် (၂၉) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတို့ ယှဉ်ပြိုင်ရ မည်ဖြစ်ပြီး အဓိကပြိုင်ပွဲများဖြစ်နေသောကြောင့် အောင်မြင်မှုရရန် ပြင်ဆင်ရမည် ဖြစ်သည်။

U Myo Thant




<< Back MNL News


Advertisement
Here