MNL News

MNL ALL Star နှင့် ထိုင်းအသင်း ခြေစမ်းမည်

Jan 11 , 2017

မြန်မာနေရှင်နယ်လိဂ် (MNL) ALL Star  အသင်းနှင့် ထိုင်းပရီးမီးယားလိဂ်ကလပ် ဘူရီရမ်အသင်းတို့သည် ရန်ပုံငွေခြေစမ်းပွဲ အဖြစ် ရန်ကုန်မြို့၌ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

အဆိုပါ ရန်ပုံငွေခြေစမ်းပွဲကို ဇန်န၀ါရီ ၁၈ရက်တွင် သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး MNL ALL Star အသင်းကို နည်းပြချုပ် အဖြစ် ရီနေး (ရတနာပုံ)က ကိုင်တွယ်မည် ဖြစ်သည်။ MNL ALL Star အသင်းတွင် နည်းပြချုပ် ရီနေး(ရတနာပုံ)၊ လက်ထောက် နည်းပြများအဖြစ်  ဦးမင်းထွန်းလင်း(ချင်းယူနိုက်တက်)၊ ဦးမြင့်ကို(ရတနာပုံ)၊ ဂိုးနည်းပြအဖြစ် ဦးမျိုးကျော်အောင်( မကွေး)၊ ကစားသမားများအဖြစ် ဂိုး-ကျော်ဇင်ဖြိုး(မကွေး)၊ ပြည့်ဖြိုးအောင်(Southern)၊ မျိုးမင်းလတ်(ရှမ်းယူနိုက်တက်)၊ နောက်တန်း-၀ီလျံ၊ သိန်းသန်းဝင်း၊ စည်သူအောင်(ရတနာပုံ)၊ ဇော်မင်းထွန်း၊ ဒေးဗစ်ဒန်း၊ ဗိုကာလူး(ရန်ကုန်)၊ ကျော်ဇင်လွင်(မကွေး)၊ အလယ်တန်း-ရန်နိုင်ဦး၊ တင်ဝင်းအောင်၊ မက်ဆီမင်(ရှမ်းယူနိုက်တက်)၊ ရန်ပိုင်၊ မျိုးကိုထွန်း(ရတနာပုံ)၊ ရန်အောင်ကျော် (ရန်ကုန်) ဆောင်လမန်(ချင်း)၊ ရှေ့တန်း-ကျော်ကိုကို၊ သန်းပိုင်(ရန်ကုန်)၊ အောင်သူ၊ ၀င်းနိုင်စိုး(ရတနာပုံ)၊ ခရစ္စတိုဖာ(ရှမ်း ယူနိုက်တက်)၊ မောင်မောင်လွင်(ဟံသာဝတီ)တို့ ပါဝင်ကြသည်။ MNL ALL Star အသင်း ဖွဲ့စည်းရာတွင် လက်ရွေးစင်ကစား သမားများ ဖြစ်သည့် နန္ဒကျော်၊ ဟိန်းသီဟဇော်၊ ရဲကိုဦးတို့ ပါဝင်လာခြင်း မရှိပေ။ ထို့ပြင် ၂၀၁၆ ရာသီတွင် ရှမ်းယူနိုက်တက်အသင်း၌ ပုံမှန်ပွဲထွက်ခွင့်ရခဲ့သည့် သီဟစည်သူ ရွေးချယ်ခြင်းမခံရဘဲ အရန်ဂိုးသမား မျိုးမင်းလတ်ကို ရွေးချယ် ခဲ့သည်။ MNL ALL Star အသင်းသည် ဇန်န၀ါရီ ၁၇ရက်တွင် စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်မည် ဖြစ်သည်။

ထိုင်းပရီးမီးယားလိဂ်ကလပ် ဘူရီရမ်ယူနိုက်တက်အသင်းသည် ရတနာပုံအသင်းယှဉ်ပြိုင်ခဲ့သော ၂၀၁၆ တိုယိုတာ မဲခေါင်ဖလား ပြိုင်ပွဲ၏ လက်ရှိ ချန်ပီယံအသင်းဖြစ်ပြီး ထိုင်းလက်ရွေးစင် ကစားသမားအချို့ ပါဝင်ကစားလျက်ရှိသည်။ ဘူရီရမ်အသင်းသည် ရာသီကြိုပြင်ဆင်မှုအဖြစ် အာဆီယံကလပ်အသင်းများနှင့် ရန်ပုံငွေခြေစမ်းပွဲများ ကစားလျက်ရှိသည်။ ယခု ခြေစမ်းပွဲမှရရှိသည့် ကွင်းဝင်ကြေးများကို ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ကျောင်းဆောင်သစ်တည်ဆောက်ရန် လှူဒါန်းမည် ဖြစ်သည်။

U Myo Thant




<< Back MNL News


Advertisement
Here