MNL News

၂၀၁၇ MNLပြိုင်ပွဲ ဇန်န၀ါရီ ၁၄ရက် စမည်

Jan 12 , 2017

မြန်မာနိုင်ငံ၏ အဆင့်မြင့်ဆုံး လိဂ်ပြိုင်ပွဲဖြစ်သည့် ၂၀၁၇ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို ဇန်န၀ါရီ ၁၄ရက်တွင် စတင်ကျင်းပ မည် ဖြစ်သည်။

ပွဲစဉ်(၁)တွင် ရန်ကုန်၊ ဧရာဝတီ၊ ဟံသာဝတီ၊ ရခိုင်၊ ရှမ်းယူနိုက်တက်အသင်းတို့ အိမ်ကွင်းလက်ခံကစားမည်ဖြစ်ပြီး လက်ရှိ ချန်ပီယံ ရတနာပုံအသင်းမှာ အဝေးကွင်း ကစားရမည် ဖြစ်သည်။

ပွဲစဉ်(၁)အဖြစ် ဇန်န၀ါရီ ၁၄ရက်တွင် တောင်ကြီးကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် နေပြည်တော်အသင်း၊ တောင်ငူကွင်း၌ ဟံသာဝတီအသင်းနှင့် ဇွဲကပင်အသင်း၊ ဝေသာလီကွင်း၌ ရခိုင်အသင်းနှင့် ဆောက်သမ်းမြန်မာအသင်း၊ ဇန်န၀ါရီ ၁၅ရက်တွင် သုဝဏ္ဏကွင်း၌ ချင်းယူနိုက်တက်အသင်းနှင့် လက်ရှိချန်ပီယံ ရတနာပုံအသင်း၊ YUSC ကွင်း၌ ရန်ကုန်အသင်းနှင့် မကွေးအသင်း၊ ပုသိမ်ကွင်း၌  ဧရာဝတီ အသင်းနှင့် GFA အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

အိမ်ကွင်းလက်ခံကျင်းပမည့် အသင်းသစ်များအနက် ရခိုင်အသင်းမှာ ပွဲစဉ်(၁)တွင် စတင်ကျင်းပခွင့်ရခဲ့ပြီး ကွင်းသစ်ဖွင့်ပွဲ အခမ်း အနားနှင့်အတူ အသင်းမိတ်ဆက်အပ်နှံပွဲကိုပါ ကျင်းပမည် ဖြစ်သည်။ ထို့ပြင် ဖျော်ဖြေရေးအစီအစဉ်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမည် ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ယခုရာသီအတွက် စည်းမျဉ်းစည်းကမ်းသစ်များ တိုးမြှင့်ရေးဆွဲခဲ့သလို အာရှဘောလုံးအဖွဲ့ ချုပ်မှ သတ်မှတ်ထားသည့် ကလပ်လိုင်စင်မရှိပါကလည်း ပြိုင်ပွဲဝင်ခွင့်ပြု မည် မဟုတ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ယခုရာသီတွင် ရခိုင်အသင်းနှင့် ဆောက်သမ်းမြန်မာအသင်းတို့မှာ အိမ်ကွင်းစတင်လက်ခံကျင်းပမည်ဖြစ်ပြီး ဇွဲကပင်အသင်း သည် မူလကကျင်းပရန် စီစဉ်ထားသော်လည်း ကွင်းပြင်ဆင်မှု အနေအထားကြောင့် ပထမအကျော့တွင် လက်ခံကျင်းပနိုင်ဖွယ် မရှိပေ။

ပြိုင်ပွဲဝင်အသင်း ၁၂သင်းအနက် မကွေး၊ ချင်းယူနိုက်တက်နှင့် GFA အသင်းတို့မှာ အိမ်ကွင်းလက်ခံကျင်းပနိုင်ခြင်းမရှိဘဲ ရန်ကုန်၊ ရတနာပုံ၊ ဧရာဝတီ၊ ရှမ်းယူနိုက်တက်၊ နေပြည်တော်နှင့် ဟံသာဝတီအသင်းတို့မှာ အိမ်ကွင်းဆက်လက် လက်ခံ ကျင်းပမည် ဖြစ်သည်။

U Myo Thant




<< Back MNL News


Advertisement
Here