AFC Cup News

AFC Cup ပြိုင်ပွဲ ရတနာပုံနှင့် မကွေးယှဉ်ပြိုင်မည်

Feb 15 , 2017

မြန်မာကလပ်အသင်းများအတွက် အရေးပါသည့် ၂၀၁၇ ရာသီ AFC Cup ပြိုင်ပွဲအုပ်စုပွဲစဉ်များကို ဖေဖော်ဝါရီ တတိယပတ်တွင် စတင်ကျင်းပတော့မည် ဖြစ်သည်။

ပြိုင်ပွဲကျင်းပသည့် ပုံစံပြောင်းလဲထားသောကြောင့် မြန်မာကလပ်များဖြစ်သည့် ရတနာပုံနှင့် မကွေးအသင်းတို့ နောက်တစ်ဆင့် တက်ရောက်ရန် ပိုမိုကြိုးစားရဖွယ် ရှိနေသည်။

AFC Cup ပြိုင်ပွဲမှာ ယခုနှစ်တွင် ပြိုင်ပွဲကျင်းပမည့် ပုံစံပြောင်းလဲခဲ့ပြီး ယခင်ရာသီများကဲ့သို့ အသင်းများအားလုံးတစ်ပေါင်းတည်း ကျင်းပတော့မည်မဟုတ်ဘဲ ဇုန်သုံးခုခွဲကာ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အုပ်စု (A, B, C)မှာ အနောက်အာရှဇုန်၊ အုပ်စု (F,G, H)မှာ အာဆီဇုန်၊ အုပ်စု (D, E, I)မှာ အလယ်နှင့် တောင်အာရှဇုန်တို့တွင် ပါဝင်သည်။

မြန်မာကလပ်အသင်းများသည် အာဆီယံဇုန်တွင် ပါဝင်ပြီး ရတနာပုံအသင်းသည် အုပ်စု(H)တွင် ထန်ကွမ်နင်(ဗီယက်နမ်)၊ ဟုမ်း ယူနိုက်တက်(စင်ကာပူ)၊ မကွေးအသင်းသည် အုပ်စု (F)တွင် ဂျိုဟိုးဒါရူးလ်(မလေးရှား)၊ ဂလိုဘယ်(ဖိလစ်ပိုင်)၊ အန်ကော (ကမ္ဘောဒီးယား) အသင်းတို့နှင့် ပါဝင်လျက်ရှိသည်။

ပြီးခဲ့သည့်ရာသီပြိုင်ပွဲကျင်းပသည့် ပုံစံအရ အုပ်စုတစ်ခုစီမှ နှစ်သင်းစီ နောက်တစ်ဆင့်သို့ တက်ရောက်ခွင့်ရသော်လည်း ပြိုင်ပွဲ ကျင်းပသည့် ပုံစံသစ်အရ အာဆီယံဇုန် အုပ်စုသုံးခုတွင် ထိပ်ဆုံးသုံးသင်းနှင့် အကောင်းဆုံးအုပ်စု ဒုတိယတစ်သင်း သာ နောက်တစ်ဆင့်သို့ တက်ရောက်ခွင့်ရမည် ဖြစ်သည်။

အုပ်စုပွဲစဉ်များကို ဖေဖော်ဝါရီ ၂၁ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး မကွေးအသင်းသည် အဝေးကွင်းပွဲစဉ်ကစားရမည်ဖြစ်ကာ ရတနာပုံအသင်းမှာမူ အိမ်ကွင်းကစားရမည် ဖြစ်သည်။

မကွေးအသင်းသည် ဖိလစ်ပိုင်ကလပ် ဂလိုဘယ်အသင်းနှင့် ဖေဖော်ဝါရီ ၂၁ ရက်တွင် အဝေးကွင်းကစားရမည်ဖြစ်ပြီး ရတနာပုံ အသင်းသည် ဖေဖော်ဝါရီ ၂၂ရက်တွင် အိမ်ကွင်းဖြစ်သည့် မန္တလာသီရိကွင်း၌ စင်ကာပူကလပ် ဟုမ်းယူနိုက်တက်အသင်းနှင့် ကစားရမည် ဖြစ်သည်။

U Myo Thant

<< Back AFC Cup News


Advertisement
Here