MNL News

မြန်မာကစားသမားများ စင်ကာပူအသင်းနှင့် စာချုပ်ချုပ်ဆို

Feb 16 , 2017

စင်ကာပူကလပ် Balestier Khalsa အသင်းသည် မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်းမှ ကွင်းလယ်ကစားသမား နန္ဒလင်းကျော်ချစ်နှင့် နေပြည်တော်အသင်းမှ ကွင်းလယ်ကစားသမား အောင်ကျော်နိုင်တို့ကို ဖေဖော်ဝါရီ ၁၃ ရက်နေ့က တရားဝင်စာချုပ်ချုပ်ဆိုခေါ်ယူခဲ့သည်။

အဆိုပါ ကစားသမားနှစ်ဦးသည် ဖေဖော်ဝါရီ ၁၃ရက်က စင်ကာပူနိုင်ငံသို့ ထွက်ခွာပြီး Balestier Khalsa အသင်း၏ ဆေးစစ် မှုခံယူပြီး ဖေဖော်ဝါရီ ၁၄ရက် တစ်ရာသီစာချုပ်ချုပ်ကာ အသင်းနှင့် အတူလေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

ယင်းသို့ စင်ကာပူကလပ်သို့ ပြောင်းရွှေ့ခဲ့ရခြင်းနှင့် ပတ်သက်၍ အောင်ကျော်နိုင်က "ကျွန်တော့်အတွက် အကောင်းဆုံးလမ်း ကို ရွေးချယ်တာပါ။ စင်ကာပူမှာသွားကစားရုံလောက်မဟုတ်ဘဲ နိုင်ငံ့ဂုဏ်ဆောင်နိုင်တဲ့ ကစားသမားတစ်ဦးအဖြစ် ကြိုးစားသွား မှာပါ။ မြန်မာ့လက်ရွေးစင်အသင်းမှာ ပါဝင်နိုင်ဖို့လည်း မျှော်လင့်ထားပါတယ်" ဟု ပြောသည်။

ကစားသမားနှစ်ဦးစလုံးမှာ စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော AFF Suzuki Cup 2014 တွင် မြန်မာ့လက်ရွေးစင်ကစားသမားများအဖြစ် ၀င်ရောက်ယှဉ်ပြိင်ပြီး အောင်ကျော်နိုင်သည် စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော (၂၈) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရ မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်း၌ ပါဝင်ကစားခဲ့သည်။

မြန်မာ့ဘောလုံးလောကကို ပရော်ဖက်ရှင်နယ်အဖြစ် ပြောင်းလဲပြီးနောက် စင်ကာပူကလပ် Balestier Khalsa အသင်းသို့ ပထမဆုံးအကြိမ်အဖြစ် မြန်မာကစားသမားနှစ်ဦး ကြေးစားသွားရောက်ကစားခြင်း ဖြစ်သည်။ ထို့ပြင်  Balestier Khalsa အသင်း သည် ဧရာဝတီယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား ကျော်ဇေယျာဝင်းကိုလည်း ထပ်မံခေါ်ယူဦးမည်ဖြစ်ပြီး လက်ရှိ တွင် ပြောင်းရွှေ့ကြေးအတွက် ညှိ နှိုင်းမှုများပြုလုပ်နေသည်။

Balestier Khalsa အသင်းသည် စင်ကာပူ S-League တွင် The Tiger ဆိုသည့် အမည်ပြောင်ဖြင့် ပါဝင်ယှဉ်ပြိုင်နေသော အသင်း တစ်သင်းဖြစ်သည်။

နည်းပြချုပ်အဖြစ် ခရိုအေးရှားနိုင်ငံသား မာကိုက တာဝန်ယူထားပြီး အောင်မြင်မှုအဖြစ် စင်ကာပူဖလားတစ်ကြိမ်၊ စင်ကာပူလိဂ် ဖလားတစ်ကြိမ်နှင့် S-League တွင် အမြင့်ဆုံးအောင်မြင်မှုအဖြစ် အဆင့် (၃) ရရှိထားပြီး ၂၀၁၆ ခုနှစ် S-League တွင် အဆင့်(၈)၌ ရပ်တည်ခဲ့သည်။

U Myo Thant




<< Back MNL News


Advertisement
Here