AFC Cup News

ရတနာပုံနှင့် ဟုမ်းအသင်း ယနေ့ကစားမည်

Feb 22 , 2017

၂၀၁၇ AFC Cup ပြိုင်ပွဲအုပ်စု (H) အဖွင့်ပွဲအဖြစ် ရတနာပုံအသင်း(မြန်မာ)နှင့် ဟုမ်းယူနိုက်တက်(စင်ကာပူ) အသင်းတို့ သည် ဖေဖော်ဝါရီ ၂၂ရက် (ယနေ့) ညနေ ၅နာရီတွင် မန္တလေးမြို့ရှိ မန္တလာသီရိ ကွင်း၌ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

မန္တလေးမြို့ရှိ ရွှေရဲမွန်ဟိုတယ်၌ ကျင်းပသည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ရတနာပုံအသင်းနည်းပြချုပ် ရီနောက "ကျွန်တော် တို့အနေနဲ့ ဒီရာသီ အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ စတင်ယှဉ်ပြိုင်ခဲ့ရတာပါ။ ထိုင်းကလပ် ဆူခိုထိုင်းကို ရှုံးပြီး ခြေစစ်ပွဲအဆင့်ကနေ ထွက်ခဲ့ရလို့ AFC Cup ပြိုင်ပွဲမှာ ဆက်လက်ယှဉ်ပြိုင်ရတာပါ။ ကျွန်တော်တို့အသင်းမှာ နိုင်ငံခြားသားကစားသမားတစ်ဦးပဲ ပါတယ်။ ဒါပေမယ့် ပြိုင်ဘက်အသင်းတွေကို ကြောက်ရွှံ့နေမှာ မဟုတ်ပါဘူး။ ကစားသမားတွေအပေါ်မှာ ယုံကြည်မှုအပြည့်ရှိပါ တယ်။ နောက်တစ်ဆင့်တက်နိုင်အောင် ကြိုးစားသွားမှာပါ" ဟု ပြောသည်။

ထို့ပြင် ဟုမ်းယူနိုက်တက်အသင်းနည်းပြအာမက်က "ဒီပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားပါတယ်။  ဒါပေမယ့် အဝေးကွင်း လာရောက်ကစားရတာဖြစ်တာကြောင့် ပုံမှန်ထက်တော့ ပိုပြီးခက်ခဲမှာပါ။ ကျွန်တော်တို့ပါတဲ့အုပ်စုမှာ သုံးသင်းပဲပါ တာကြောင့် နောက်တစ်ဆင့်တက်ဖို့က ပုံမှန်ထက် ပိုပြီးခက်ခဲမှာပါ။ ရတနာပုံအသင်းဟာ နိုင်ငံခြားသားတစ်ဦးပဲပါပေ မယ့် တောင့်တင်းတဲ့ အသင်းပါ" ဟု ပြောသည်။

ရတနာပုံ တိုက်စစ်မှုး ၀င်းနိုင်စိုးကလည်း "ပြည်တွင်းလိဂ်ပြိုင်ပွဲမှာ ရလဒ်နဲ့ ခြေစွမ်းက ပရိသတ်စိတ်ကြိုက်မဖြစ်သေးတာ မှန်ပါတယ်။ ကျွန်တော်တို့လည်း အစွမ်းကုန်ကြိုးစားနေပါတယ်။ နိုင်ငံခြားသား ကစားသမားမပါတဲ့အတွက် တိုက်စစ်တော့ ပိုပြီး ရုန်းကန်ရပါတယ်။ ရလဒ်ကောင်းတွေရပြီး AFC Cup မှာ နိုင်ပွဲရဖို့ အသင်းသားတွေအားလုံး ကြိုးစားသွားမှာပါ" ဟု ပြောသည်။

U Myo Thant

<< Back AFC Cup News


Advertisement
Here