AFC Cup News

ရတနာပုံက ဟုမ်းအသင်းကို အနိုင်ရ

Feb 23 , 2017

၂၀၁၇ AFC Cup ပြိုင်ပွဲအုပ်စု (H) ပထမနေ့ကို ယမန်နေ့ ညနေ ၅နာရီတွင် မန္တလာသီရိကွင်း၌ ကျင်းပရာ ရတနာပုံအသင်းက ဟုမ်းယူနိုက်တက်(စင်ကာပူ)ကို ၁ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

ရာသီကြို စိတ်ကြိုက်ပြင်ဆင်ခွင့်မရခဲ့သော်လည်း ရတနာပုံအသင်းသည် အဖွင့်ပွဲတွင် နိုင်ပွဲရယူနိုင်ခဲ့ပြီး မျက်နှာပန်းလှခဲ့သည်။ သုံးသင်းအုပ်စုတွင် ကျရောက်နေသောကြောင့် ရတနာပုံအသင်းအတွက် နောက်တစ်ဆင့် တက်ရောက်ရန် ပွဲတိုင်းမှာ အရေး ပါနေပြီး ယခုပွဲ အနိုင်ရလဒ်မှာ အရေးပါလာမည် ဖြစ်သည်။

ရတနာပုံအသင်းသည် ပွဲအစတွင် ကစားကွက်မရသောကြောင့် ရုန်းကန်ခဲ့ရသော်လည်း နောက်ပိုင်းတွင် အချိတ်အဆက်မိမိဖြင့် ဟုမ်းယူနိုက်တက်ဘက်သို့ ဖိကစားနိုင်ခဲ့သည်။ မိနစ် ၂၀တွင် မျိုးကိုထွန်း၊ ၂၁ မိနစ်တွင် အောင်သူတို့၏ ကန်သွင်းမှုများ ဂိုးမရခဲ့ ၍ နစ်နာခဲ့ရသည်။

ရတနာပုံအသင်းသည် ပထမပိုင်းပြီးခါနီးတွင် ဂိုးရခဲ့ပြီး တိုက်စစ်မှုး အောင်သူက သွင်းယူခဲ့ခြင်း ဖြစ်သည်။ ဒုတိယပိုင်းတွင် ဟုမ်းယူနိုက်တက်အသင်းက ချေပဂိုးရရန် ကြိုးစားလာခဲ့ပြီး ၆၉ မိနစ်တွင် ဖာရစ်၏ ကန်သွင်းချက် ဘားထိထွက်ခဲ့သည်။

ရတနာပုံအသင်းသည် ဒုတိယပိုင်းတွင် အနိုင်ရလဒ်ကို ထိန်းကစားခဲ့ပြီး တန်ပြန်တိုက်စစ်ဖြင့်သာ ကစားခဲ့သည်။ ရတနာပုံ အသင်းသည် ဂိုးရနိုင်သည့် အခွင့်အရေးအချို့ ရခဲ့သော်လည်း အသုံးမချနိုင်ခဲ့၍ ပထမပိုင်းတွင် ရရှိသည့်ဂိုးဖြင့်သာ ပြီးဆုံး ခဲ့ခြင်း ဖြစ်သည်။

အုပ်စု (H) တွင် မြန်မာကလပ် ရတနာပုံအသင်းနှင့် အတူ ထန်ဘွမ်နင်(ဗီယက်နမ်)၊ ဟုမ်းယူနိုက်တက်(စင်ကာပူ)တို့ ပါဝင်လျက် ရှိသည်။ ရတနာပုံအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် မတ် ၈ရက်တွင် ထန်ဘွမ်နင်အသင်းနှင့် အဝေးကွင်းကစားရမည် ဖြစ် သည်။

U Myo Thant

<< Back AFC Cup News


Advertisement
Here