AFC Cup News

AFC Cup ပြိုင်ပွဲတွင် မကွေးနှင့် ဂျိုဟိုးသရေကျ

Mar 08 , 2017

၂၀၁၇ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စု(F) ဒုတိယပွဲအဖြစ် မကွေးအသင်းနှင့် ဂျိုဟိုးဒါရူးလ်(မလေးရှား)အသင်းတို့သည် ယမန်နေ့ ညနေ၃နာရီခွဲတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရာ တစ်ဂိုးစီ သရေကျခဲ့သည်။

မကွေးအသင်းသည် နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံနည်းပါးသောကြောင့် ရလဒ်ကောင်းရရန် ရုန်းကန်နေရပြီး ယခုပွဲတွင် လည်း နောက်ကျချေပဂိုးကြောင့်သာ သရေတစ်မှတ်ရခဲ့ခြင်း ဖြစ်သည်။ ၂၀၁၅ AFC Cup ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိပြီး ၂၀၁၆ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့သည့် မလေးရှားကလပ် ဂျိုဟိုးဒါရူးလ်အသင်းသည် တစ်ယောက်လျော့ခဲ့သော်လည်း မကွေးအသင်းကို ဖိအားပေး ကစားနိုင်ခဲ့သည်။ နှစ်ပွဲကစားတစ်မှတ်သာ ရသေးသည့် မကွေးအသင်းသည် နောက်တစ်ဆင့် တက်ရန် ရုန်းကန်ရတော့မည် ဖြစ်သည်။

ပွဲအစ ၁၁ မိနစ်တွင် ဟာဆာဘူလာက မကွေးနောက်ခံလူ ကျော်ဇင်လွင်ငို ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့သောကြောင့် အနီ ကတ်ဖြင့် ထုတ်ပယ်ခံရသလို ကျော်ဇင်လွင်မှာလည်း ခေါင်းကွဲပြီး လူစားလဲခဲ့ရသည်။

ဂျိုဟိုးဒါရူးလ်အသင်းသည် တစ်ယောက်လျော့သွားသော်လည်း ကစားကွက်ပျက်မသွားဘဲ ၂၇ မိနစ်တွင် ဂိုပီနာသန်က ဂိုးစတင် သွင်းယူခဲ့သည်။ ပထမပိုင်းတွင် မကွေးအသင်း ချေပဂိုးရနိုင်သည့် အခွင့်အရေး နှစ်ကြိမ်ရခဲ့သော်လည်း ဆယ်လာ အသုံးမချနိုင် ခဲ့ပေ။

ဒုတိယပိုင်းတွင် ဂျိုဟိုးဒါရူးလ်အသင်းက ခံစစ်ဦးစားပေးကစားခဲ့သောကြောင့် မကွေးအသင်း ပိုဖိကစားနိုင်ခဲ့သည်။ ၄၈ မိနစ်နှင့် ၅၅ မိနစ်တွင် မကွေးအသင်း ချေပဂိုးရနိုင်သည့် အခွင့်အရေး နှစ်ကြိမ်ရခဲ့ သော်လည်း မောင်မောင်စိုး အသုံးမချနိုင်ခဲ့ပေ။

ဂျိုဟိုးဒါရူးလ်အသင်းသည် ၀ါရင့်ကွင်းလယ်လူ ဆာဖစ်အပါအ၀င် လူအပြောင်းအလဲလုပ်ကာ ကစားအားမြှင့်ခဲ့သော်လည်း မကွေး အသင်းကသာ ပွဲကို ထိန်းချုပ်နိုင်ခဲ့သည်။ ၆၆ မိနစ်တွင် ထောင့်ကန်ဘော ကို ကိုကိုနိုင် ခေါင်းတိုက်သွင်းရာ ဘားထိထွက်ခဲ့သလို မိုက်ကယ်ထပ်ဆင့်ပိတ်သော်လည်း လွဲချော်ခဲ့သည်။ မကွေးအတွက် ချေပဂိုးကို ၈၉ မိနစ်တွင် တိုက်စစ်မှုး ဆယ်လာက ဂိုးသမား ကို လိမ်ကာ သွင်းယူ ခဲ့သည်။

မကွေးအသင်းသည်အုပ်စု တတိယပွဲအဖြစ် မတ် ၁၄ ရက်တွင် ကမ္ဘောဒီးယားကလပ် အန်ကောအသင်းနှင့် အဝေးကွင်း ကစား ရမည် ဖြစ်သည်။ 

U Myo Thant

<< Back AFC Cup News


Advertisement
Here