MNL News

ချင်းအသင်း၏ အိမ်ကွင်းကို မြက်ခင်းတုခင်းမည်

Mar 18 , 2017

မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းဖြစ်သည့် ချင်းပြည်နယ်ကိုယ်စားပြု ချင်းယူနိုက်တက်အသင်း၏ အိမ်ကွင်းကို ချင်းပြည်နယ် ကလေးမြို့၌ တည်ဆောက်သွားမည်ဖြစ်ပြီး ဒေသအခြေအနေအရ ကွင်းမြက်ခင်းပြင်ကို မြက်ခင်းတုခင်းသွားမည်ဖြစ်ကြောင်း ချင်းယူနိုက်တက်အသင်းဥက္ကဋ္ဌ ဦးမင်းဟိန်းကျော်ထံမှ သိရသည်။

လက်ရှိတွင် အိမ်ကွင်းတည်ဆောက်ရန် မြေနေရာအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းနေပြီး ကိုယ်ပိုင်မြေ သို့မဟုတ် နှစ် ရှည်ငှားရမ်းခွင့်ရရှိရန် ကြိုးစားနေကြောင်း ဦးမင်းဟိန်းကျော်က ပြောသည်။

"ကျွန်တော်တို့ လောလောဆယ်မှာ အိမ်ကွင်းတည်ဆောက်နိုင်ဖို့ ကိုယ်ပိုင်မြေရရှိရေး သို့မဟုတ် နှစ်ရှည်ငှားရမ်းခွင့်ရရှိရေး အတွက် ပြည်နယ်အစိုးရအဖွဲ့နဲ့ ညှိနှိုင်းနေပါတယ်။ ညှိနှိုင်းမှုကလည်း ၈၀ ရာခိုင်နှုန်းလောက် အဆင်ပြေနေပါပြီ။ လာမယ့် တစ်ပတ်ထဲမှာ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဒီကိစ္စကို အပြီးသတ်ဆွေးနွေးသွားဖို့ ရှိပါတယ်။" ဟု ပြောသည်။

ထို့နောက် ချင်းယူနိုက်တက်အသင်းသည် ၂၀၁၈ မြန်မာနေရှင်နယ်လိဂ်တွင် အိမ်ကွင်းလက်ခံကျင်းပနိုင်ရန် ရည်ရွယ်ထားပြီး အိမ်ကွင်းကို ကလေးမြို့၌ တည်ဆောက်သွားမည် ဖြစ်သည်။

"အိမ်ကွင်းကိုတော့ ကလေးမြို့မှာ တည်ဆောက်မယ်။ မြေနေရာကိုလည်း ကလေးမြို့ကိုပဲ တောင်းထားတယ်။ ဒေသရာသီဥတု အခြေအနေအရ ကွင်းမြက်ခင်းပြင်ကို မြက်ခင်းတုခင်းသွားမယ်။ ကုန်ကျစရိတ်ကတော့ မြက်ခင်းတုခင်းမယ့် ကုမ္ပဏီနဲ့ အပြီး သတ်ဆွေးနွေးပြီးမှ ထုတ်ပြန်ပေးပါ့မယ်" ဟု ဦးမင်းဟိန်းကျော်က ပြောသည်။

ချင်းယူနိုက်တက်အသင်းသည် ၂၀၁၇ မြန်မာနေရှင်နယ်လိဂ်-၁ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ပွဲစဉ် ကိုးပွဲကစား ထားပြီးချိန်တွင် နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ခြောက်ပွဲရှုံး၊ ရမှတ် ခုနစ်မှတ်ဖြင့် အဆင့်(၉)နေရာတွင် ရပ်တည်လျက်ရှိသည်။

U Myo Thant

<< Back MNL News


Advertisement
Here