Europe News

 အကောင်းဆုံးဆုရ စီရိုနယ်ဒို

Mar 21 , 2017

ပေါ်တူဂီအသင်းကပ္ပတိန်နှင့် ရီးရဲလ်စတား စီရိုနယ်ဒိုမှာ ၂၀၁၆ ခုနှစ်အတွက် ပေါ်တူဂီ ၁နှစ်တာ အကောင်းဆုံးဘောလုံး သမား ဆုကို ရရှိခဲ့သည်။

ယမန်နေ့က ကျင်းပသော ဆုချီးမြှင့်ပွဲတွင် ၃၂ နှစ်သား စီရိုနယ်ဒိုက ရီးရဲလ် အသင်းဖော် ပီပီ၊ စပို့တင်းလစ္စဘွန်း ဂိုးသမား ပက်ထရစ်စီယိုတို့ကို ကျော်လွှားကာ အကောင်းဆုံးဆုရခဲ့ခြင်း ဖြစ်သည်။

စီရိုနယ်ဒိုမှာ အက်သလက်တီကိုကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့သော ၂၀၁၅-၁၆ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဂိုးသွင်းနိုင်ခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်တွင် စုစုပေါင်း ၁၆ ဂိုးသွင်းယူပေးခဲ့သည်။

ထို့အပြင် ပြင်သစ်ကို အချိန်ပိုတွင် ၁-၀ဖြင့် အနိုင်ရကာ ပေါ်တူဂီအတွက် ပထမဆုံး အဓိကဆုဖလားတစ်လုံးအဖြစ် ယူရို ၂၀၁၆ ချန်ပီယံဖြစ်ခဲ့စဉ်က အသင်းအတွက် အားကြိုးမာန်တက် ကစားပေးခဲ့သူဖြစ်ပြီး ဖိုင်နယ်တွင်မူ ဒဏ်ရာကြောင့် ပထမပိုင်းမှာပင် လူစားလဲခဲ့ရသူ ဖြစ်သည်။

ဥရောပရွှေဘောလုံးဆုနှင့် ဖီဖာအကောင်းဆုံးကစားသမားဆုတို့ကိုပါ ရခဲ့သော စီရိုနယ်ဒိုက ၂၀၁၆ မှာ မေ့မရနိုင်သော နှစ် ၁နှစ်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

ဘိုင်ယန်မှ လူငယ်ကစားသမား ဆန်းချက်ဇ်က ပေါ်တူဂီ ၁နှစ်တာ အကောင်းဆုံးလူငယ်ကစားသမားဆုကို ရခဲ့ပြီး ပေါ်တူဂီလက်ရွေးစင်အသင်းနည်းပြ ဆန်းတို့စ်က အကောင်းဆုံး နည်းပြဆု ရရှိခဲ့သည်။

U Myo Thant




<< Back Europe News


Advertisement
Here