EPL News

သက်တမ်းတိုးသော လင်ဂတ်

Apr 07 , 2017

မန်ယူကွင်းလယ်ကစားသမား လင်ဂတ်မှာ အသင်းနှင့် စာချုပ်သက်တမ်းတိုးခဲ့ပြီး စာချုပ်သစ်အရ တစ်ပတ်လစာ ပေါင်တစ်သိန်း ရရှိတော့မည် ဖြစ်သည်။

အင်္ဂလန်လက်ရွေးစင်လည်းဖြစ်သည့် ၂၄နှစ်သား လင်ဂတ်မှာ အသင်းနှင့် ၂၀၂၁ အထိ သက်တမ်းတိုးခဲ့ပြီး နောက်ပိုင်း တွင်လည်း သက်တမ်းထပ်တိုးနိုင်မည့် သဘောတူညီချက်ပါ ပါဝင်သည်ဟု ဆိုသည်။

အသက် ၇နှစ်အရွယ်ကတည်းကပင် မန်ယူလူငယ်အစီအစဉ်သို့ ရောက်ရှိနေသူ လင်ဂတ်မှာ ယခုအခါ အသင်းကြီးအတွက် ပွဲပေါင်း ၇၀ကျော် ပါဝင်ခဲ့ပြီးဖြစ်သကဲ့သို့ အင်္ဂလန်လက်ရွေးစင်အဖြစ် ၄ပွဲ ကစားခဲ့ပြီး ဖြစ်သည်။

လင်ဂတ်က မန်ယူမှာ မိမိဘ၀အတွက် အကြီးမားဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ မန်ယူဝတ်စုံကို ၀တ်ဆင်ခွင့်ရခြင်း သည်ပင်လျှင် ကျေနပ်စရာကောင်းလှသည့် ခံစားချက်ဖြစ်ကြောင်း ပြောဆို သွားခဲ့သည်။

လင်ဂတ်မှာ ယမန်နှစ် FA ဖလားဖိုင်နယ်ပွဲတွင် အနိုင်ဂိုးသွင်းယူခဲ့သူဖြစ်ပြီး ကွင်းဖွင့်ဖလား ကွန်မြူနတီဒိုင်းပွဲတွင်လည်း လက်စတာဘက်သို့ ဂိုးသွင်းခဲ့ကာ ပရိသတ်အကြိုက် ကစားပြနိုင်ခဲ့သူ ဖြစ်သည်။

လင်ဂတ်မှာ လက်စတာ၊ ဘာမင်ဂမ်၊ ဘရိုက်တန်တို့တွင် အငှားသွားရောက်ကစားခဲ့ဖူးကာ ၂၀၁၄-၁၅ တွင် နည်းပြ ဗန်ဂေါလ် ကိုင်တွယ်သည့် မန်ယူအသင်းကြီး လူစာရင်းတွင် ပါဝင်လာသူ ဖြစ်သည်။

 

U Myo Thant

<< Back EPL News


Advertisement
Here