MNL News

ဟံသာဝတီအသင်း အိမ်ကွင်း၌ လက်ခံကစားမည်

Apr 11 , 2017

၂၀၁၇ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်နေသော ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဟံသာဝတီယူနိုက်တက် အသင်းသည် အိမ်ကွင်းတည်ဆောက်မှုပြီးစီးသွားပြီဖြစ်၍ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များကို လာမည့် ဒုတိယအကျော့မစတင် ကာ ပဲခူးမြို့၌ အိမ်ကွင်းအဖြစ် လက်ခံကစားသွားမည် ဖြစ်သည်။

ဟံသာဝတီယူနိုက်တက်အသင်းသည် ပဲခူးမြို့ရှိ အားကစားကွင်းကို ၂၀၁၆ ခုနှစ် အောက်တိုဘာလမှစတင်ကာ ပွဲကြည့်စင် များတည်ဆောက်ခဲ့ပြီး လက်ရှိတွင် အိမ်ကွင်းတည်ဆောက်မှုမှာ ပြီးစီးနေပြီဖြစ် သောကြောင့် ဒုတိယအကျော့တွင် အိမ်ကွင်း အဖြစ်  လက်ခံကျင်းပမည်ဖြစ်ကြောင်း ဟံသာဝတီယူနိုက်တက်အသင်းအုပ်ချုပ်သူ ဦးထွန်းထွန်းလင်းက ပြောသည်။

"ကျွန်တော်တို့ကွင်းကို ပရိသတ် ၃၀၀၀ကနေ ၅၀၀၀ ကြားဝင်ရောက်ကြည့်ရှုနိုင်အောင် တည်ဆောက်ထားပါတယ်။ ကွင်းတည်ဆောက်မှာ အားလုံးနီးပါး ပြီးစီးနေပြီ။ အချောသပ်ဖို့ပဲ ကျန်ပါတော့တယ်။ လာမယ့် ဒုတိယအကျော့ကို အိမ်ကွင်းကျင်းပနိုင်ဖို့ လိဂ်ကော်မတီမှာ အတည်ပြုပြောကြားပြီးပါပြီ။ ဒုတိယအကျော့မှာ  အိမ်ကွင်းငါးပွဲ ကစားဖို့ရှိတယ်။ ဒုတိယ အကျော့ ပထမဆုံးပွဲကို လက်ရှိကစားနေတဲ့ တောင်ငူကွင်းမှာ ကစားမယ်။ ကျန်တဲ့ လေးပွဲကို ပဲခူးကွင်းမှာ ကစားသွားမှာပါ" ဟု ဦးထွန်းထွန်းလင်းက ပြောသည်။

ကွင်းဖွင့်ပွဲကိုလည်း ကျင်းပသွားမည်ဖြစ်ပြီး ပဲခူးကွင်းကို အသင်းပိုင် ကုမ္ပဏီအမည် အသုံးပြုသွားမည် ဖြစ်သည်။

"ကျွန်တော်တို့ ကွင်းဖွင့်ပွဲကို စက်တင်ဘာ ၉ရက်တွင်  ကျင်းပမယ်။ အသင်းအပ်နှံပွဲကိုလည်း ထည့်သွင်းကျင်းပဖို့ စီစဉ်ထား တယ်။ ပဲခူးကွင်းကို အသင်းပိုင် ကုမ္ပဏီဖြစ်တဲ့ Grand Royal Stadium အမည် အဖြစ် အသုံးပြုသွားမယ်" ဟု ဦးထွန်းထွန်းလင်း က ပြောသည်။

U Myo Thant

<< Back MNL News


Advertisement
Here