EPL News

တန်းဆင်းရသော မစ်ဒယ်ဘရော့

May 09 , 2017

ယမန်နေ့က  ချဲလ်ဆီးကို ၃-၀ဖြင့် အဝေးကွင်းတွင် ရှုံးနိမ့်ခဲ့ပြီးနောက်  လွန်ခဲ့သော ရာသီကမှ တန်းတက်လာသည့် မစ်ဒယ် ဘရော့မှာ ချန်ပီယံရှစ်သို့ တန်းပြန်ဆင်းသွားရပြီ ဖြစ်သည်။

ချန်ပီယံဆုဖလားနှင့် လက်တစ်ကမ်းသာလိုတော့သည့် ချဲလ်ဆီးအနေနှင့် အနိုင်ရရှိရေးအတွက် ဖိဖိစီးစီးအားထုတ် ကစားသွား ခဲ့ခြင်းကြောင့်လည်း မစ်ဒယ်ဘရော့လက်လျော့လိုက်ရခြင်း ဖြစ်သည်။

မစ်ဒယ်ဘရော့အသင်းမှာ ၃၆ ပွဲကစား ၂၈ မှတ်သာရရှိခဲ့ပြီး အသင်းကပ္ပတိန် နောက်ခံလူ ဂစ်ဆင်က သူ၏ ကစားသမား ဘ၀တွင် အမှတ်အနည်းဆုံးရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဂစ်ဆင်၏ ဖခင်ဖြစ်သူ အသင်းဥက္ကဋ္ဌ စတိဗ်ဂစ်ဆင်မှာ နည်းပြ ကရန်ကာကို လွန်ခဲ့သော မတ်လတွင် ထုတ်ပယ်ခဲ့ပြီး အက်ဂ်နူးကို အစားထိုးခန့်အပ်ခဲ့သော်လည်း အသင်းရလဒ်များမှာ သိသာစွာ ကောင်းမွန်တိုးတက်ခဲ့ခြင်း မရှိခဲ့ပေ။

မစ်ဒယ်ဘရော့ အနေနှင့် လွန်ခဲ့သော ဒီဇင်ဘာလလယ်ပိုင်းခန့်က ဆွမ်ဆီးကို အနိုင်ရရှိခဲ့ပြီး အဆင့် ၁၄တွင် ရပ်တည်နိုင်ခဲ့သော်လည်း ယင်းနောက်ပိုင်းကစားရသောပွဲများတွင် အနိုင် ၁ပွဲသာရသည်အထိ အခြေအနေဆိုးသွားခဲ့သည်။

မစ်ဒယ်ဘရော့မှာ ပရီးမီးယားလိဂ်မှ ချန်ပီယံရှစ်သို့ ၄ကြိမ်မြောက် တန်းဆင်းရခြင်းဖြစ်ပြီး ဤသည်မှာ နောဝစ်၊ ခရစ္စတယ်ပဲလေ့စ်၊ ဆန်းဒါးလန်းတို့နှင့်အတူ အကြိမ်အများဆုံးအဖြစ် စံချိန်တင်ခဲ့ပြီ ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here