MNL News

ယူ-၁၈ အသင်း လက်ထောက်နည်းပြခန့်အပ်

May 19 , 2017

၂၀၁၇ အာဆီယံ ယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် အာရှ ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲများဝင်ရောက်ယှဉ်ပြိုင်ရန် ဖွဲ့စည်းထားသော မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်း၏ လက်ထောက်နည်းပြအဖြစ် ပြင်သစ်နိုင်ငံသား ဖရန့်ခ်ဒူးမားစ်ကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် (MFF) အနေဖြင့် တရားဝင်ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။

ယခင် ယူ-၁၈ အသင်း၏ လက်ထောက်နည်းပြ ဖရန့်ခ်အင်နီကင်သည်ခွင့်ဖြင့် မိခင်နိုင်ငံသို့ ခေတ္တပြန်စဉ်ကာလအတွင်း ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အချိန်ကြာမြင့်စွာ အနားယူရန်လိုအပ်လာခြင်းကြောင့် ၎င်း၏နေရာတွင် ဒူးမားစ်ကို အစားထိုးခန့်အပ်ခဲ့ခြင်း ဖြစ် သည်။

ဒူးမားစ်သည် UEFA License ရ နည်းပြတစ်ဦးဖြစ်ပြီး ကစားသမားဘ၀က ပြင်သစ်ကလပ် SM Caen Monaco Marseille Lens နှင့် အင်္ဂလန်ကလပ် Newcastle United တို့တွင် ကစားခဲ့သူ ဖြစ်သည်။ နည်းပြဘ၀ကို ၂၀၀၅ ခုနှစ်တွင် SM Caen အသင်းကို စတင်တာဝန်ယူခဲ့ပြီး ၂၀၁၃-၂၀၁၄ ရာသီတွင် Arles Avignon အသင်းတွင်လည်းကောင်း၊ ၂၀၁၄-၂၀၁၅ ရာသီတွင် FES Morrocan အသင်းကိုလည်းကောင်း အသီးသီးတာဝန်ယူခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် အီကွေတိုရီရယ်ဂီနိုင်ငံ၏ လူငယ်ဘောလုံး ဖွံ့ဖြိုးရေး စီမံကိန်းများတွင် အကြံပေးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။

၎င်း၏ စာချုပ်သက်တမ်းမှာ ရှစ်လဖြစ်ပြီး စွမ်းဆောင်ရည်ပေါ်မူတည်၍ နည်းပြချုပ်နှင့်အတူ စာချုပ်သက်တမ်းတိုး၊ မတိုး ယခုနှစ် ပြိုင်ပွဲများအပြီးတွင် စဉ်းစားဆုံးဖြတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။ နည်းပြ ဒူးမားစ်သည် မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်းနှင့် ပူးပေါင်းသည်မှာ ရက်အနည်းငယ်ကြာမြင့်ခဲ့ပြီးဖြစ်သော်လည်း မေ ၁၇ ရက်မှသာ တရားဝင်စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

U Myo Thant




<< Back MNL News


Advertisement
Here