MNL News

ဂိုးဒါဇင်ဝက်သွင်းပြီးကျေနပ်နေသည့် ရှမ်း

May 19 , 2017

ရှမ်းယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ဂိုးပေါက်ပျောက်နေမှုကို ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲ၌ ဂိုးဒါဇင်ဝက်သွင်းယူကာ ရပ်တန့်နိုင်သောကြောင့် ကျေနပ်မိသည်ဟု ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် ဦးစိုးမြတ်မင်းက ထုတ်ဖော်ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ရှမ်းယူနိုက်တက်အသင်းသည် မေ ၁၅ ရက်က သုဝဏ္ဏအားကစားကွင်း၌ စီးတီးစတားအသင်းနှင့် ယှဉ်ပြိုင်ကစားပြီး ခြောက်ဂိုးပြတ် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

"သူတို့အသင်းက ပထမပိုင်းမှာ ကျွန်တော်တို့ကို ယှဉ်ကစားနိုင်ခဲ့တယ်။ ဒုတိယပိုင်းမှာ ကြံ့ခိုင်မှုအပါအ၀င် အတော်များများ ကွာဟသွားလို့ ဂိုးပြတ်သွားတာပါ။ အမှတ်ပေးပြိုင်ပွဲနောက်ဆုံးပွဲစဉ်မှာ ဂိုးမရှိ သရေဖြစ်ထားလို့ ဒီပွဲကို အာရုံအပြည့်စိုက်ခဲ့ တယ်။ လာမယ့်တနင်္ဂနွေနေ့မှာ ကစားမယ့် ချင်းယူနိုက်တက်အသင်းနဲ့ ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ သဘောလည်းပါပါတယ်။ ဂိုးပေါက်ပျောက်နေရာကနေ ဒါဇင်ဝက်အထိ ဂိုးတွေသွင်းနိုင်ပြီး ပုံမှန်ခြေပြန်ရတဲ့အတွက်တော့ တကယ်ဝမ်းသာပါတယ်" ဟု ဦးစိုးမြတ်မင်းက ပြောသည်။

ယင်းကဲ့သို့ ဂိုးပေါက်ပြန်လည်ရှာတွေ့မှုတွင် ခြောက်ဂိုးပြတ်အနိုင်ရရှိသောပွဲ၌ ဒုတိယအကျော့တွင် အသစ်ခေါ်ယူထားသော ကစားသမားများဖြစ်သည့် တောင်ကိုရီးယားနိုင်ငံသားတိုက်စစ်မှုး ဟန်ကူဂျင်က ဟက်ထရစ်ဂိုးနှင့် ဒွေးကိုကိုချစ်က တစ်ဂိုးသွင်း ယူနိုင်ခဲ့သည်။

"အသင်းသစ်မှာ ဒီလိုဂိုးတွေသွင်းနိုင်တာ အသင်းဖော်တွေကြောင့်ပါ။ အသင်းအနိုင်ရဖို့က အရေးကြီးဆုံးပါ။ ကစားခွင့် ရအောင်ကြိုးစားပြီး ဂိုးတွေသွင်းသွားမယ်" ဟု ဟန်ကူဂျင်က ပြောသည်။

U Myo Thant




<< Back MNL News


Advertisement
Here