EPL News

အိမ်ကွင်းဂိုးအနည်းဆုံးရာသီ

May 19 , 2017

ကိုယ့်ကိုယ်ကိုစပါယ်ရှယ်ဝမ်းဟု ဟစ်ကြွေးခဲ့ဘူးသူ မော်ရင်ဟို စတင်ကိုင်တွယ်ခဲ့သည့်ရာသီတွင် မန်ယူမှာ အိမ်ကွင်းသွင်းဂိုး ၂၄ ဂိုးသာရှိခဲ့သဖြင့် နှစ်ပေါင်း ၄၀ကျော်အတွင်း အနည်းဆုံးစံချိန်ဖြစ်ခဲ့ရသည်။

မန်ယူမှာ ယခုပရီးမီးယားလိဂ်တွင် စုစုပေါင်းသွင်းဂိုး ၅၂ ဂိုးသာရှိခဲ့ပြီး ထိပ်ဆုံး ၇သင်းတွင် အနည်းဆုံးဖြစ်ခဲ့ကာ ချန်ပီယံလိဂ် ချဲလ်ဆီးမှာ ဂိုး ၈၀ အထိ သွင်းယူနိုင်ခဲ့သည်။

အင်္ဂလန်အမှတ်ပေးပွဲ (ယခု ပရီးမီးယားလိဂ်) တွင် မန်ယူ၏ အိမ်ကွင်းဂိုး အနည်းဆုံးမှာ ၁၉၁၉-၂၀ က ဂိုး ၂၀ သာသွင်းနိုင်ကာ အဆင့် ၁၂ ရခဲ့ပြီး ၁၉၇၃-၇၄ က  ၂၃ဂိုးသာ သွင်းနိုင်ပြီး အဆင့် ၂၁ဖြင့် တန်းဆင်းခဲ့ရသေးသည်။

၁၉၇၂-၇၃ တွင် အိမ်ကွင်းဂိုး ၂၄ ဂိုးသာရပြီး အဆင့် ၁၈ ဖြစ်ခဲ့သော်လည်း ယခု ၂၀၁၆-၁၇တွင် အိမ်ကွင်းဂိုး ၂၄ ဂိုးဖြင့် အဆင့် ၆ ရသည်မှာ ကံကောင်းသည်ဟု ဆိုရမည် ဖြစ်သည်။

ထို့အပြင် ယခုရာသီတွင် အိမ်ကွင်း ၁၈ ပွဲ၌ နိုင်ပွဲ ၇ပွဲသာရသည်မှာ အတော်ပင် ဆိုးရွားသောရလဒ်ဖြစ်သကဲ့သို့ စုစုပေါင်း ၃၇ ပွဲတွင် သရေ ၁၅ ပွဲဆိုသည်မှာလည်း စံချိန်တင်ရလဒ် ဖြစ်သည်။

အိမ်ကွင်း ၁၈ ပွဲတွင် ၁၀ ပွဲ သရေကျထားသည့်စံချိန်မှာ ၁၉၆၉-၇၀ ရာသီနောက်ပိုင်း အဆိုးဆုံး စံချိန်လည်း ဖြစ်သည်။ ၁၉၆၉-၇၀နှင့် ၁၉၃၈-၃၉၊ ၁၉၃၆-၃၇ တို့တွင် အိမ်ကွင်းသရေပွဲ ၉ပွဲစီရှိခဲ့ကာ ၁၉၃၆-၃၇ တွင် တန်းဆင်းခဲ့ရသေးသည်။

မန်ယူအသင်းမှာ လာမည့် တနင်္ဂနွေနေ့တွင် ရာသိသိမ်းပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းတွင် လက်ခံကစားရမည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here