La-liga News

အခွန်အကြောင်းပြောတဲ့ အေးဂျင့်

Jun 28 , 2017

နာမည်ကျော် အေးဂျင့်တစ်ဦးဖြစ်သူ ဂျော့ခ်ျ မန်ဒက်စ်က သူသည် ဟန်ပြကုမ္ပဏီမျိုးများဖြင့် ကစားသမားများ အခွန်ရှောင်တိမ်းခွင့် ရရန် ကူညီနေသည်ဟူသော သတင်းများကို ငြင်းဆိုလိုက်သည်။

မက်ဒရစ်တွင် ပြုလုပ်သော အခွန်ကိစ္စတံခါးပိတ်ကြားနာပွဲတစ်ခုတွင် မန်ဒက်စ်အနေနှင့် အခွန်ရှောင်တိမ်းခြင်းများအတွက် မည်သည့်အမှားမျိုးမှ မလုပ်ခဲ့ကြောင်း မန်ဒက်စ်၏ ကုမ္ပဏီတစ်ခုဖြစ်သော ဂက်စ်တီဖတ်က သတင်းထုတ်ပြန်ခဲ့သည်။

မက်ဒရစ်တရားရုံးမှာ မိုနာကို တိုက်စစ်မှုး ဖယ်ကာအိုအနေနှင့် အခွန်ရှောင်တိမ်းရန် ကြိုးစားခဲ့သည်ဟူသော စွပ်စွဲချက်အတွက် အေးဂျင့်ဖြစ်သူကို ခေါ်ယူစစ်ဆေးခြင်း ဖြစ်သည်။

ချဲလ်ဆီး၊ မန်ယူတို့တွင်လည်း ကစားခဲ့ဘူးသူ ဖယ်ကာအိုမှာ ဝင်ငွေ ပေါင် ၄.၆၉ သန်းအတွက် အဝင်ငွေစာရင်းထဲတွင် ထည့် သွင်းဖော်ပြခဲ့ခြင်းမရှိမှုအတွက် စစ်ဆေးခံနေရခြင်းဖြစ်ပြီး ထိုဝင်ငွေများမှာ အက်သလက်တီကိုတွင် ကစားနေသည့် ၂၀၁၂-၁၃ ကာလက ဖြစ်သည်။

၃၁ နှစ်သား ဖယ်ကာအိုက မိမိသည် အခွန်ကိစ္စရပ်များအတွက် ကျွမ်းကျင်သူမဟုတ်ကြောင်း မည်သည့်အမှားမျိုးကိုမှလည်း ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ပြောဆိုခဲ့သည်။

ဖယ်ကာအိုအနေနှင့် ဗြိတိသျှဗာ ဂျင်းကျွန်း၊ အိုင်ယာလန်၊ ကိုလံဘီယာ၊ ပနားမား စသည့်နိုင်ငံများမှ ဟန်ပြကုမ္ပဏီများနှင့် ပူးပေါင်း၍ အခွန်တိမ်းရှောင်ရန် ကြိုးစားခဲ့ကြောင်း စွပ်စွဲမှုတွင် ဖော်ပြထားခဲ့သည်။

စီရိုနယ်ဒိုနှင့် အတူ တောင်အမေရိက တိုက်သား ကစားသမားအချို့မှာ အခွန်ရှောင်သည်ဟူသော စွပ်စွဲချက်များကို ဖြေရှင်းနေရဆဲ ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here