La-liga News

ရီးရဲလ်တွင် ဒိုလေးဆက်နေမည်

Jul 10 , 2017

အခွန်ကိစ္စများကြောင့် ခေါင်းရှုပ်ခဲ့ရသဖြင့် စပိန်လာလီဂါမှ အခြားလိဂ်သို့ ပြောင်းရွှေ့တော့မည်ဟု သတင်းထွက်ခဲ့သော်လည်း စီရိုနယ်ဒိုမှာ ရီးရဲလ်တွင် ဆက်နေရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။

သူ၏ အေးဂျင့်ဖြစ်သူ မန်ဒက်စ်မှာ ပြင်သစ်တွင် PSG တာဝန်ရှိသူများနှင့် ဆွေးနွေးနေပြီဟုဆိုခဲ့ခြင်းကြောင့် စီရိုနယ်ဒို အသင်းပြောင်းမည့်သတင်းမှာ ပိုမိုခိုင်မာသလိုရှိခဲ့သော်လည်း နောက်ဆုံးတွင် ရီးရဲလ်၌သာ ဆက်နေသွားရန် စဉ်းစား ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ရီးရဲလ်ဥက္ကဋ္ဌ ပီရက်စ်က စီရိုနယ်ဒိုအနေနှင့် စပိန်အာဏာပိုင်များ စွပ်စွဲခဲ့သည့်အခွန်ရှောင်တိမ်းသည်ဟူသော အရေးအတွက် အတော်ပင် စိတ်ထိခိုက်ခံစားခဲ့ရသည်ဟု ဆိုသည်။

ထိုအမှုအတွက် လာမည့် ဇူလိုင် ၃၁ ရက်နေ့တွင် တရားရုံး၌ ရင်ဆိုင်ရဦးမည်ဖြစ်သော်လည်း စီရိုနယ်ဒို၏ ဥပဒေအကြံပေးများက အကောင်းဆုံးဖြစ်ရန် စီစဉ်ဆောင်ရွက်နေကြကြောင်း သိရသည်။

မွေးခါစအမြွာသား ၂ဦးနှင့်အတူ အားလပ်ရက်တွင် ပျော်မြူးနေပုံရသော စီရိုနယ်ဒို၏ပုံကြောင့် ရီးရဲလ်ပရိသတ်များအနေနှင့် စိတ်မပူကြရန် ပီရက်စ်က ထပ်မံပြောဆိုခဲ့သည်။

ရီးရဲလ်အသင်း၏ ရာသီကြိုလေ့ကျင့်ရေးမှာ ယနေ့တွင် စတင်မည်ဖြစ်သော်လည်း စီရိုနယ်ဒိုကိုမူ ချွင်းချက်ဖြင့် ခွင့်ပိုပေးထားကာ ဇူလိုင်လနှောင်းပိုင်းတွင်မှ အသင်းသို့ပြန်လာမည် ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here