EPL News

မန်ယူ၏ဈေးအကြီးဆုံးများ

Jul 11 , 2017

မန်ယူအသင်းမှာ လွန်ခဲ့သောရာသီတွင် ပိုဂဘာ၊ ယခုရာသီတွင် လူကာကူတို့ကို မြင့်မားသော ပြောင်းရွှေ့ကြေးများပေး၍ ခေါ်ယူခဲ့ပြီဖြစ်ပြီး ပေးရသောဈေးနှင့် ထိုက်တန်ခြင်းရှိမရှိ စောင့်ကြည့်ရဦးမည် ဖြစ်သည်။

မန်ယူက ပေါင်သန်း ၃၀ ဝန်းကျင်နှင့် အထက်ပေးကာ ခေါ်ယူခဲ့ရသူများထဲတွင် ထိုက်တန်သော ခြေစွမ်းနိုင်သူများရှိသကဲ့သို့ အချို့မှာ ထင်တိုင်းမပေါက်ခဲ့ပေ။

(၁) ဟာရားရား (ပေါင် ၂၉ သန်း)

    ၂၀၁၄ တွင် ခေါ်ယူခဲ့သော စပိန်သား ကွင်းလယ်ကစားသမားဖြစ်ပြီး မော်ရင်ဟိုလက်ထက် ၂၀၁၆-၁၇ ရာသီတွင် နေရာပိုရလာခဲ့ကာ လက်ထောက်ကပ္ပတိန်အဖြစ်ပါ တာဝန်ပေးခံခဲ့ရသူ ဖြစ်သည်။

(၂) ဖာဒီနန်(ပေါင် ၂၉.၃သန်း)

    ဗြိတိသျှ အပြောင်းအရွှေ့ရာဇဝင်တွင် ဈေးအများဆုံးပေးရသော ကစားသမားအဖြစ် စံချိန်တင်ခဲ့သော ဖာဒီနန်မှာ ၂၀၀၂တွင် လိဒ်စ်မှ မန်ယူသို့ ရောက်လာသူ ဖြစ်သည်။ မန်ယူတွင် ကစားခဲ့သော ၁၂ ရာသီအတွင်း ဆုဖလား ၁၇ ခုရခဲ့ကာ ကမ္ဘာ့အတွေ့အကြုံအရင့်ဆုံး ဗဟို နောက်ခံလူတစ်ဦးအဖြစ် သတ်မှတ်ခံရသူလည်း ဖြစ်သည်။

(၃) ဘိုင်လေ(ပေါင် သန်း ၃၀)

    မန်ယူနည်းပြဖြစ်လာချိန်တွင် မော်ရင်ဟို ပထမဆုံး ခေါ်ယူခဲ့သူ နောက်ခံကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၆ ဇွန်လတွင် ဗီလာရီးရဲလ်မှ ရောက်လာသူ ဖြစ်သည်။

(၄) ဘာဘာတော့ဗ်(ပေါင် ၃၀.၇၅ သန်း)

    ၂၀၀၈ အပြောင်းအရွှေ့နောက်ဆုံးနေ့တွင် စပါးမှ မန်ယူသို့ ရောက်လာသော ဘူလ်ဂေးရီးယားတိုက်စစ်မှုးဖြစ်သည့် မန်ယူတွင် ၄နှစ်ကြာ ကစားခဲ့ပြီး အမှတ်ပေးဖလား၊ လိဂ်ဖလား၊ ကမ္ဘာ့ချန်ပီယံကလပ်များဖလားတို့ ရရှိခဲ့သည်။

(၅) လင်ဒီလော့ (ပေါင် ၃၁ သန်း)

    ဘင်ဖီကာနှင့် အမှတ်ပေးဖလား ၃ကြိမ်ရခဲ့သူ ဆွီဒင်လက်ရွေးစင် လင်ဒီလော့မှာ ဖာဒီနန်စတိုင်လ် ကစားနိုင်သူဟုဆိုပြီး သူ၏ ခြေစွမ်းကို ၂၀၁၇-၁၈ တွင် စောင့်ကြည့်ရမည် ဖြစ်သည်။

(၆) မာရှယ် (ပေါင် ၃၆ သန်း)

    လူငယ်ကစားသမားတစ်ဦးအတွက် စံချိန်တင်ပြောင်းရွှေ့ကြေးပေးခဲ့ရသူဖြစ်ပြီး မိုနာကိုမှ မန်ယူသို့ ၂၀၁၅ တွင် ရောက်လာသူ ပြင်သစ်သားမှာ ပထမဆုံးရာသီတွင် ၁၇ ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ၂၀၁၆-၁၇ တွင် ရုန်းကန်ခဲ့ရသူ ဖြစ်သည်။

(၇) မာတာ (ပေါင် ၃၇.၁သန်း)

    ၂၀၁၄ ဇန်နဝါရီတွင် မန်ယူနည်းပြ မိုရက်စ်နောက်ဆုံးခေါ်ယူခဲ့သည့် စပိန်သားဖြစ်ပြီး ချဲလ်ဆီးတွင် အကောင်းဆုံးကစားသမားဆု ၂ကြိမ်ရခဲ့ကာ စပိန်နှင့်လည်း ကမ္ဘာ့ဖလားတွင် အောင်ပွဲခံခဲ့သူ ဖြစ်သည်။

    ချဲလ်ဆီးတွင် ရှိနေစဉ် မော်ရင်ဟို၏ ရောင်းထုတ်ခြင်းကိုခံရခဲ့သူ မာတာမှာ မော်ရင်ဟိုနှင့် မန်ယူတွင် ပြန်ဆုံနေရပြီး အနာဂတ်အတွက် မရေရာသူဟု ဆိုကြသည်။

(၈) ဒီမာရီယာ (ပေါင် ၅၉.၇သန်း)

    မျှော်လင့်ချက်များစွာဖြင့် ဈေးကြီးပေးခေါ်ခဲ့ရသော်လည်း မှန်းချက်နှင့် နှမ်းထွက်မကိုက်ခဲ့ပဲ ၁ရာသီသာနေခဲ့ပြီးနောက် PSG သို့ ရောက်သွားသူ ဖြစ်သည်။

(၉) လူကာကူ (ပေါင် ၇၅ သန်း)

    ၂၀၁၆-၁၇ EPL ဂိုးသွင်းအများဆုံးစာရင်းတွင် ဒုတိယချိတ်ခဲ့သူ လူကာကူမှာ မန်ယူအတွက် ဈေးအကြီးဆုံး တိုက်စစ်မှုးအဖြစ် ရောက်ရှိလာပြီ ဖြစ်သည်။

  ချဲလ်ဆီးထက် လက်ဦးမှုရယူကာ ခေါ်ယူနိုင်ခဲ့၍ မော်ရင်ဟို လက်မထောင်နေသော်လည်း မန်ယူတွင် စိတ်တိုင်းကျခြေစွမ်းပြနိုင်၊ မပြနိုင် စောင့်ကြည့်ရဦးမည် ဖြစ်သည်။

(၁၀) ပိုဂဘာ (ပေါင် ၈၉.၃ သန်း)

    မလိုချင်၍ ပစ်ပယ်လိုက်သူကို ကမ္ဘာ့စံချိန်တင်ဈေးဖြင့် မန်ယူက ပြန်ခေါ်ခဲ့ခြင်းဖြစ်ပြီး မန်ယူလူငယ်အကယ်ဒမီမှ စွန့်ပစ်လိုက်ပြီး ၄ နှစ်အကြာတွင် ပေါင်သန်း ၁၀၀ ခန့်သုံးကာ ပြန်ခေါ်ခဲ့ရသူ ဖြစ်သည်။  

    မော်ရင်ဟို စိတ်တိုင်းကျခေါ်ခဲ့သူဖြစ်သော်လည်း ဘောလုံးဝေဖန်ရေးသမား အများစုက ပေးရသည့် ပြောင်းရွှေ့ကြေးနှင့် ထိုက်တန်သော ခြေစွမ်းမျိုး မရှိသေးဟု ပြောဆိုခံခဲ့ရသူ ဖြစ်သည်။

    လာမည့် ဩဂုတ်လတွင် ၂၀၁၇-၁၈ ရာသီစတင်တော့မည်ဖြစ်ရာ ဈေးအကြီးဆုံး ၂ဦးဖြစ်သော ပိုဂဘာနှင့် လူကာကူတို့ ဦးဆောင်မည့် မန်ယူ တိုက်စစ် မည်မျှ တိုးတက်လာနိုင်မည်ဆိုသည်ကို စောင့်ကြည့်ကြရဦးမည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here