La-liga News

ရီးရဲလ်ကိုကျေးဇူးတင်တဲ့ ဂျိမ်းစ်

Jul 12 , 2017

ဘိုင်ယန်အသင်းသို့ ပြောင်းရွှေ့ခွင့်ပေးခဲ့သော ရီးရဲလ်အသင်းကို များစွာကျေးဇူးတင်ကြောင်း ဂျိမ်းစ်ရိုဒရီဂုဇ်က ပြောဆိုလိုက် သည်။

ဘိုင်ယန်အသင်းမှာ ရီးရဲလ်တိုက်စစ်မှုး ဂျိမ်းစ်ကို ၂နှစ် အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ခြင်းဖြစ်ပြီး ယင်းစာချုပ် သက်တမ်းပြည့်ချိန် တွင် အပြီးသတ် ခေါ်ယူရန် သဘောတူလိုက်ကြခြင်း ဖြစ်သည်။

၂၀၁၄ တွင် မိုနာကိုမှ ရီးရဲလ်သို့ ပြောင်းရွှေ့ကြေး ပေါင် ၇၁ သန်းဖြင့် ရောက်ရှိလာခဲ့သူ ၂၅ နှစ်သား ဂျိမ်းစ်မှာ ထိုစဉ်က ရီးရဲလ်နှင့် ၆ နှစ် သက်တမ်းစာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သောရာသီတွင် ၂၂ပွဲသာ ပါဝင်ကစားခွင့်ရခဲ့သူ ဖြစ်သည်။

သူသည် ယခုနွေတွင် ချဲလ်ဆီး၊ မန်ယူတို့နှင့် ချိတ်ဆက်ခဲ့သေးသော်လည်း မမျှော်လင့်ပဲ နည်းပြ အန်ဆလော့တီ၏ ဘိုင်ယန်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။

ကိုလံဘီယာ လက်ရွေးစင်အသင်းခေါင်းဆောင်ဖြစ်သူ ဂျိမ်းစ်မှာ ၂၀၁၄ ကမ္ဘာ့ဖလားပွဲတွင် ဂိုးအများဆုံးသွင်းခဲ့သူဖြစ်ပြီး၊ သူ့ကို ၂၀၁၄ ဇူလိုင်လ၌ ထိုစဉ်က ရီးရဲလ်နည်းပြ အန်ဆလော့တီက ခေါ်ယူခဲ့ခြင်းဖြစ်ကာ ယခုအခါ ဘိုင်ယန်တွင် ပြန်ဆုံကြခြင်း ဖြစ်သည်။

ဂျိမ်းစ်အနေနှင့် ရီးရဲလ်အတွက် စုစုပေါင်း ၁၁၁ ပွဲ ကစား ၃၆ ဂိုးသွင်းကာ ဂိုးရရှိရေး ၄၁ ကြိမ် ဖန်တီးပေးနိုင်ခဲ့သော်လည်း ဂျူဗင်တပ်ကို နိုင်ခဲ့သည့် ၂၀၁၇ ချန်ပီယံလိဂ်ဖိုင်နယ် ၁၈ ဦးလူစာရင်းတွင် ပါဝင်ခဲ့ရခြင်း မရှိပေ။

သူသည် ဘိုင်ယန်နှင့်အတူ ရာသီကြိုခရီးစဉ်အဖြစ် တရုတ်၊ စင်ကာပူတို့သို့ လိုက်ပါမည် ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here