Europe News

အရေးယူခံရမည့် ဂူရာနာ

Jul 13 , 2017

ကွန်ကာကက်ဖ်ရွှေဖလားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသော ပြင်သစ် ဂူရာနာအသင်းမှာ တရားမဝင်ကစားသမားတစ်ဦးကို ဝင်ရောက်ကစားစေခဲ့သည့်အတွက် အရေးယူခံရလိမ့်မည် ဖြစ်သည်။

ဂူရာနာအသင်းမှာ ရွှေဖလားပြိုင်ပွဲ အုပ်စု A တွင် ပါဝင်ခဲ့ပြီး ဟွန်ဒူးရပ်စ်နှင့် ကစားရသည့် ပွဲစဉ် ၂ တွင် ပြင်သစ် လက်ရွေးစင်ဟောင်းတစ်ဦးဖြစ်သူ ဖလောရင့်မာလောက်ဒါကို ထည့်သွင်းကစားစေခဲ့ပြီး မာလောက်ဒါမှာ အသင်းခေါင်းဆောင် အဖြစ်ပါ တာဝန်ယူခဲ့သူ ဖြစ်သည်။

ကနေဒါနှင့် ကစားရသည့် ပွဲစဉ် ၁ တွင် မပါဝင်ခဲ့သော မာလောက်ဒါမှာ ချဲလ်ဆီးတိုက်စစ်မှုးဟောင်းတစ်ဦးဖြစ်ပြီး ပြင်သစ် လက်ရွေးစင်အသင်းနှင့် အတူ ၂၀၀၆ ကမ္ဘာ့ဖလားကို ရခဲ့သူ ဖြစ်သည်။

ပြင်သစ်အတွက် ပွဲပေါင်း ၈၀ ပါဝင်ခွင့်ရခဲ့သော ၃၇ နှစ်သား မာလောက်ဒါမှာ ဂူရာနာအတွက် ကိုယ်စားပြုပါဝင်နိုင်သူ မဟုတ်သဖြင့် ကွန်ကာကက်ဖ်ဇုန် ရွှေဖလားဘောလုံးပွဲကျင်းပရေး တာဝန်ရှိသူများက စည်းကမ်းထိန်းသိမ်းရေး ကော်မတီထံ တင်ပြခဲ့သော အမှုဖြစ်သည်။

မာလောက်ဒါဝင် ကစားခဲ့သည့် ဂူရာနာအသင်းမှာ ကွန်ကာကက်ဖ်ဇုန်တွင် ပါဝင်သော်လည်း ဖီဖာအဖွဲ့ဝင်နိုင်ငံမဟုတ်သည့် အသင်းဖြစ်ပြီး ဇွန်လအတွင်း ကျင်းပခဲ့သည့် ကာရစ်ဘီယံဖလား ပြိုင်ပွဲတွင် တတိယ ကြေးတံဆိပ်ရခဲ့သော အသင်းဖြစ်သည်။

ကစားသမားတစ်ဦးအနေနှင့် နိုင်ငံတစ်ခုတည်းအတွက်သာ ကိုယ်စားပြုပါဝင်ခွင့်ရှိခြင်းကြောင့် ဂူရာနာ အသင်းကို မကြာမီ ပြစ်ဒဏ်ချမှတ်လိမ့်မည် ဖြစ်သည်။

ဂူရာနာမှာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် စနေနေ့တွင် ကော်စတာရီကာနှင့် ကစားရမည် ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here