EPL News

ဒီဂီရာကို ရီးရဲလ်လိုချင်ဆဲ

Jul 14 , 2017

ချန်ပီယံလိဂ် ၂နှစ်ဆက်တိုက် ချန်ပီယံ ရီးရဲလ်မှာ မန်ယူဂိုးသမား ဒီဂီရာကို ခေါ်ယူရန် ကြိုးစားနေဆဲဟု သိရသည်။

မန်ယူအနေနှင့် စပိန်ဂိုးသမား ဒီဂီရာအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၆၀ ရရန် မျှော်လင့်ထားပြီး ဒီဂီရာနှင့် မန်ယူတို့ လက်ရှိ စာချုပ်သက်တမ်းမှာ ၂နှစ် ကျန်ရှိနေသေးသည်။

ရီးရဲလ်နှင့် မန်ယူတို့မှာ လာမည့် ဇူလိုင် ၂၃ ရက်နေ့တွင် ဆန်တာ ကလာရာ၌ တွေ့ဆုံရန်ရှိနေပြီး ထိုရက်များအတွင်း ဒီဂီရာအရေး ဆွေးနွေးမည်ဟု မျှော်လင့်ရသည်။

၂၆ နှစ်သား ဒီဂီရာအနေနှင့် ယခင်ရာသီများကပင် ရီးရဲလ်သို့ပြောင်းလိုသူဖြစ်ပြီး မန်ယူအနေနှင့်မူ ပြောင်းရွှေ့ရေးအတွက် ဖိအားပေးသွားမည် မဟုတ်ဟုဆိုသည်။

ဒီဂီရာမှာ ယခင်နည်းပြ ဗန်ဂေါလ်လက်ထက်နှင့် စာလျှင် ယခု မော်ရင်ဟိုနှင့် ပိုမိုအဆင်ပြေနေသည်ဟုလည်း သိရသည်။

သို့သော် ရာသီကုန်ချိန်နီးလာရာ၌ အရန်ဂိုးသမား ရိုမီယိုကို မောရင်ဟိုက မျက်နှာသာပေးလာကာ အေဂျက်ကိုနိုင်ခဲ့သော ယူရိုပါလိဂ်ဖိုင်နယ်တွင် ရိုမီယိုကို အသုံးပြုခဲ့သောကြောင့် ဒီဂီရာအတွက် အနည်းငယ် အခံရခက်စေခဲ့သည်။

မန်ယူမှာ အမေရိကန်ရာသီကြိုခရီးစဉ်အတွင်း L.A ဂလက်ဇီ၊ ရီးရဲလ်ဆော့လိဂ်၊ မန်စီးတီးအသင်းများနှင့် ကစားရန်ရှိနေပြီး မော်ရင်ဟိုက ပထမဆုံးပွဲတွင် ဒီဂီရာက ၄၅ မိနစ်၊ ပီရီးယားက ၄၅ မိနစ်၊ မန်ယူဂိုးသမားအဖြစ် ကစားစေမည်ဟု ဆိုသည်။

U Myo Thant




<< Back EPL News


Advertisement
Here